ဘားအံ - မတ် (၂၂)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇)နှင့်ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းများဆင်းပွဲကို မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများအနေဖြင့် ထက်သန်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အိမ်တွင်းမှုအတတ်ပညာများကို လေ့လာသင်ကြားတတ်မြောက်ထားပြီးဖြစ်သည့်အတွက် မိမိ တတ်မြောက်ထားသော အတတ်ပညာများဖြင့် ကျေနပ်မနေကြပဲ ပြင်ပတွင်ဆန်းသစ်သောဖက်ရှင်ဒီဇိုင်းပညာရပ်များ ခေတ်မှီဆန်းသစ်သောပညာရပ်များကိုလည်း ထပ်မံလေ့လာသင်ယူကြရန်နှင့် သင်ယူလေ့လာဆည်းပူးခဲ့ကြသော အတတ်ပညာများဖြင့် မိမိဘဝလူမှုပတ်ဝန်းကျင်တိုးတက်အောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြ ရန် မှာကြားသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းကာလအတွင်း သင်တန်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်စက်ချုပ်ထူးချွန်ဆုရရှိသော သင်တန်းသူအား အပ်ချုပ်စက်တစ်စုံ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က ဂျပ်ခုတ် သင်တန်းထူးချွန်ဆုရရှိသောသင်တန်းသူအား ဂျပ်ခုတ်စင်တစ်စင်တို့အား ပေးအပ်ချီးမြှင့်ကာ သင်တန်းကျောင်းအုပ်က သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်သည်။
ယနေ့သင်တန်းဆင်းသွားသော သင်တန်းကို ရက်သတ္တပတ်(၁၈)ပတ်ကြာ သင်ကြားဖွင့်လှစ်ခဲ့ပြီး ရက်သတ္တ ပတ်(၄)ပတ်ကြာ လုပ်ငန်းခွင်အကြိုလေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့သည့်အတွက် စုစုပေါင်းရက်သတ္တပတ် ၂၂ ပတ်ကြာဖွင့်လှစ်ခဲ့ ရာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်တန်းသူ ၃၅ ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းတွင် သင်တန်းသူ ၅ ဦး စုစုပေါင်း သင်တန်းသူ ၄၀ ဦးတက်ရောက်အောင်မြင်ခဲ့ကာ သင်တန်းကာလအတွင်း သင်ထောက်ကူပစ္စည်း ၃၈ မျိုး၊ အဆောင်နေခွင့်၊ စားသောက်ရေးနှင့် အသွား/အပြန်ခရီးစရိတ်များကို ထောက်ပံ့ပေးခဲ့သည်။
အလားတူ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သော အိပ်ခန်းဝန်ဆောင်မှုသင်တန်း၊ အဖျော်ယမကာ သင်တန်းတို့ကိုလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ဖွင့်လှစ်မည့် သင်တန်းများတွင် ထည့်သွင်းဖွင့်လှစ်ပေးသွားမည်ဖြစ် ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံ မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းအတည်ပြုပြီးနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်တွင် ပြည်သူ့စစ်မှုထမ်းစာရင်းကောက်ယူရေးအဖွဲ့များကို ဖွဲ့စည်းပေးထားပြီး ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်တွင် စာရင်း ကောက်ယူရာ၌မှန်ကန်ပြည့်စုံဖို့လိုကာ အဂတိတရားကင်းရှင်းစွာဖြင့် စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် သင်တန်းများဖွင့်လှစ်၍ တတ်မြောက်သင့်သည့် အတတ်ပညာများတတ်မြောက်စေရန် စီစဉ် ဆောင်ရွက်ပေးကြစေလိုပြီး ပူပြင်းသည့်ရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကာကွယ်ရေးစနစ်များကို လိုက်လံစစ်ဆေး၍ သတိပြုကာကွယ်ကြဖို့လိုကာ သောက်သုံးရေရှားပါးသည့်ကျေးရွာများတွင် ရေရရှိရေးနည်းလမ်း များကိုကြံဆ၍ စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ မကြာမီမဟာသင်္ကြန်ပွဲတော်ကျရောက်တော့မည်ဖြစ်သည့် အတွက် အများပြည်သူစိတ်အေးချမ်းသာစွာပါဝင်ဆင်နွှဲနိုင်ရန်၊ ကောင်းမှုကုသိုလ်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြ စေလိုပြီး စာတတ်မြောက်ရေးလုပ်ရှားမှုများတွင်လည်း တက်တက်ကြွကြွဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလို ကြောင်း၊ မိမိရပ်ရွာအတွင်း လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ကြစေလို ပြီး လာမည့်မိုးရာသီတွင် မိုးစပါးကိုအရှိန်အဟုန်ဖြင့်တိုးမြှင့်စိုက်ပျိုးနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမြင့်လွင်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေး ကြပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စ ရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်/လိုလားချက်များ၊ လမ်း၊တံတားဆိုင်ရာလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။