ဘားအံ - ဇန်နဝါရီ (၂၄)
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ၂၀၂၄ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးသည့်လုပ်ငန်းစဉ်အဖြစ် စိုက်ထုတ်ဆောင်ရွက်လျှက်ရှိပြီး သင်တန်းတက်ရောက် နေစဉ်ကာလတစ်လျှောက်လုံးလုံခြုံစိတ်ချစွာနေနိုင်ရေး၊ ငွေကြေးအကုန်အကျသက်သာစေရေးအတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံပေးခြင်းသည် မိမိနိုင်ငံအတွင်းရှိ ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးနှင့်စေတနာ၊ မိမိတို့အပေါ်မျှော်လင့် ချက်ထားရှိမှုကို ပြန်လည်တုံ့ပြန်ရန်လိုအပ်ပြီး မိမိရပ်ရွာဒေသမှပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ထောက်ပံ့မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ကြီးဒေါ်နီနီချိုက မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာသင်တန်းကို တက်ရောက်ခွင့်ရရှိကြ သော သူနာပြုသင်တန်းသား(၁၅)ဦးနှင့် သူနာပြုသင်တန်းသူ(၁၂၀)ဦး စုစုပေါင်း(၁၃၅)တို့က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအတွက် ငွေကျပ် ၃၃၁၀၀၀၀(သုံးဆယ့်သုံးသိန်းတစ်သောင်း)ကို သင်တန်းသား၊သင်တန်းသူများထံထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မောင်မယ်သစ်လွင်သူနာပြု သင်တန်းသား/သင်တန်းသူများမှ Voting စနစ်ဖြင့်ရွေးချယ်ထား သည့် King နှင့် Queen တို့အား ကြေငြာပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က King နှင့် Queen တို့အား ဂုဏ်ပြုစလွယ်နှင့်သရဖူတို့အား အပ်နှင်းချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သူနာပြု-သားဖွား သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားရိုးရာပဒေသာအကအလှများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။