ဘားအံ - ဇူလိုင် (၁)
ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ် ဆက်မပြတ်စားသုံးနိုင်စေရန် သဘာဝရေပြင်၊ မြစ်၊ချောင်း၊အင်း၊အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက် ရှိရာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီး ထွားရန်အကောင်းဆုံးအရွယ်ရှိသည့် နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၇၂၀၀၀၀(ခုနှစ်သိန်းနှစ်သောင်း) ကျော်ထုတ်လုပ်၍ သဘာဝရေပြင်မြစ်၊ချောင်း၊အင်း၊အိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယနေ့ နံနက်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ငါးမြစ်ချင်း ကောင်ရေငါးသောင်းနှင့် ငါးခုံးမကြီးကောင်ရေငါးသောင်း စုစုပေါင်းငါးသားပေါက်ကောင်ရေတစ်သိန်းကို ကန်သာယာ အတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ဆက်လက်၍ ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြုအားကစား အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုရရှိရေး(ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပဥ္စမအကြိမ်မြောက်မျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အားကစားနည်း အလိုက် အောင်နိုင်ရေးလုပ်ငန်းစီမံချက်များကို ယခုအစည်းအဝေးတွင် ဆွေးနွေးအကြံပြုနိုင်ရန် တင်ပြဆွေးနွေးပေး ကြစေလိုကြောင်း၊ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အောင်မြင်မှုများရရှိနိုင်မည်ဖြစ်သည့်အတွက် စနစ်တကျဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယခင်အပတ်(ပထမအကြိမ်) အစည်းအဝေးဆုံးဖြတ် ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး အားကစားနည်းအလိုက်ဆပ်ကော်မတီဥက္ကဋ္ဌ များက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး အားကစားနည်းအလိုက်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌများက လူရွေးချယ်ပွဲများစနစ်တကျကျင်းပ၍ စခန်းသွင်းလေ့ကျင့်နိုင်ရန်နှင့် အောင်နိုင်ရေးစီမံချက် များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီအတွင်း ရေးမှူးများက သက်ဆိုင်ရာအားကစားနည်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။