ဘားအံ - စက်တင်ဘာ (၂၉)
ကရင်ပြည်နယ်အတွင်း ရပ်ကွက်(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၉၅)စု၊ ကောက်ကွက်ပေါင်း(၁၈၅၂)ကွက်ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ(၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကသန်းခေါင် စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးက ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့်ဆောင်ရွက်၍မရနိုင်သည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အဆင့်ဆင့်သောသန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များ၏ညီညွတ်သောအင်အားဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက သက်ဆိုင်ရာနယ်မြေဒေသများအလိုက် တာဝန် ခွဲဝေချထားပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်း ရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက သက် ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အောင်မြင်စွာသန်းခေါင်စာရင်းကောက်ယူနိုင် ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စု၊ အိမ်ခြေ၊ လူဦးရေစာရင်း၊ သန်းခေါင်စာရင်းကောက် ယူနိုင်မည့်စာရင်း၊ သန်းခေါင်စာရင်းကောက်ယူမည့်အစီအမံ၊ လုံခြုံရေးလိုက်ပါဆောင်ရွက်မှု၊ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများက အောင်မြင်စွာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။