ဘားအံ - မေ (၁၀)
ကရင်တိုင်းရင်းသားမျိုးနွယ်စုအသင်းမှ ဦးဆောင်ကျင်းပသော လှိုင်းဘွဲမြို့နယ်၊ နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို မေလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲက ဒိုင်းပြကျေးရွာ၊ အထက(ခွဲ)၊ ဘောလုံးကွင်း၌ ကျင်းပရာ ကရင်ရဟန်းတော်များအသင်းမှ ဆရာတော်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို မျိုးဆက်သစ် ကရင်တိုင်းရင်းသားလူငယ်များအနေဖြင့် မိမိတို့၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို တန်ဖိုးထားလေးစားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် ကရင်စာပေနှင့်ယဉ်ကျေးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အမြဲထိတွေ့ပြီး ကင်းကွာမှု မရှိစေရန်၊ အခြေခံမှစပြီးထဲထဲဝင်ဝင်ပိုမိုဆောင်ရွက်နိုင်ရန်နှင့် အနာဂတ်တွင် စာပေနှင့်ယဉ်ကျေးမှုကို သင်ကြားပို့ချ ပေးနိုင်မည့် ဆရာ၊ဆရာမများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး သဘာပတိမဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ က ဩဝါဒကထာမြွတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က စာပေပျောက်လျှင် လူမျိုးပျောက်မည် ဆိုသည့် စကားအတိုင်း မိမိလူမျိုးမပျောက်စေဖို့ မိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို တန်ဖိုးထား ကြိုးစားလေ့လာသင်ယူရမည်ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကားပြန့်ပွားထွန်းကားရေးနှင့်ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေအထောက်အပံ့များကို နှစ်စဉ်ဘတ်ဂျက်များလျာထားပြီး ထောက်ပံ့ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း မိမိလူမျိုးအတွက်ကောင်းမွန်သည့်အမွေကောင်းများထားခဲ့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲမြို့နယ် နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်း ဆင်းပွဲအတွက် ငွေကျပ် သိန်း(၁၅၀)ကို သင်တန်းကျင်းပရေးကော်မတီဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စာသင်ဌာနများမှ စာပေထူးချွန်ဆု၊ ယဉ်ကျေးမှု ထူးချွန်ဆုနှင့် စွယ်စုံထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ကရင်တိုင်းရင်းသားမျိုးနွယ်စု အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် သဘာပတိမဲဆမိတ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရက နိဂုံးချုပ်ဩဝါဒကထာမြွတ်ကြားပြီး စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပယ်ရသော အောဟုအောဟောင် ကရင်တေးသီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲတွင် ပထမဆုရရှိသော ပိုင်ကျုံမြို့နယ်လူငယ်မောင်မယ်ယဉ်ကျေးမှုဒုံးအဖွဲ့က ပြန်လည်ကပြဖျော်ဖြေကာ ယနေ့သင်တန်းဆင်းပွဲတွင် လှိုင်းဘွဲ မြို့နယ်နှင့်ပိုင်ကျုံမြို့မှ ကျေးရွာပေါင်း(၂၀)ရွာမှ သင်တန်းသား၊သင်တန်းသူ ၄၂၀ ဦး စုပေါင်းသင်တန်းဆင်းခဲ့ကြ ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဖာပွန်မြို့နယ်ဘောလုံးအသင်းနှင့် ကြားအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့့််ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် ဖာပွန်မြို့နယ်ဘောလုံး အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲနေ့အကောင်းဆုံးအားကစားသမားဆု၊ ပြိုင်ပွဲတွင်ပူးပေါင်းပါဝင်ကူညီပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများ၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ပူးတွဲတတိယဆုရရှိသောအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရ ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံး အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ဆုဖလားနှင့်ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အနိုင်ရဗိုလ်စွဲသွားသော ဖာပွန်မြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ဆုဖလားနှင့်ငွေသားဆုများ ကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။