ဘားအံ - အောက်တိုဘာ (၉)
ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်မိုးစပါးစိုက်ခင်းများအား ပြန်လည်စိုက် ပျိုးရန် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လှူဒါန်းထားသော မျိုးစပါးများထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ထိုသို့မျိုးစပါးများထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးနစ်မြုပ်ခြင်းခံရသည့်အတွက် ထိခိုက်ဆုံးရှုံးမှုများအလွန်များပြားခဲ့ပြီး ဆုံးရှုံးခဲ့သည့်စိုက်ခင်း များ အထွက်နှုန်းပြန်ကာမိစေရန်အတွက် ရေကျနောက်စိုက်နှင့်နွေစပါးစိုက်ခင်းများကို အထွက်တိုးအောင် ဆောင်ရွက် ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကိုကြံ့ကြံခံပြီး စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့စိုက်ပျိုးထား သော သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုအပေါ် အစားထိုးပြန်လည်စိုက်ပျိုးနိုင်မည့်သီးနှံများကို မဖြစ်မနေစိုက်ပျိုးကြရမည်ဖြစ် ကြောင်း တောင်သူများအား တိုက်တွန်းပြောကြားသည်။
ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့သည့်အရှိန်ကြောင့် မြစ်ရေချောင်းရေများရေစံချိန်တင်မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အတွင်းစိုက်ပျိုးပြီးမိုးစပါးဧက(၃၅၃၉၁)ဧက ရေနစ်မြုပ်၍ ရေပြန်ကျချိန်တွင် (၃၁၂၉၆) ဧက ထိခိုက်ကာ (၁၄၄၆၁)ဧက ဒုတိယအကြိမ်ထပ်မံပျက်စီးခဲ့ရသည့်အတွက် ယနေ့အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ကရင်ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်း အဖွဲ့သို့လှူဒါန်းသည့် ဘားအံမြို့နယ်အတွက် ရက်(၉၀)မျိုးစပါး ၄၁၉၇ တင်း၊ လှိုင်းဘွဲမြို့နယ်အတွက် ၁၈၀၀ တင်း၊ ဖာပွန်မြို့နယ် ၁၁ တင်း စုစုပေါင်း မျိုးစပါး ၅၉၈၆ တင်းကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်မိုးပါး(၁၄၄၆၁)ဧကအနက် (၈၉၈၆)ဧကကို စပါးပြန်စိုက်မည်ဖြစ်ပြီး ကျန်ရှိဧကများတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲပုတ်၊ မတ်ပဲ၊ ဘိုကိတ်၊ ပဲဖြူလေး စသည့်သီးနှံ(၉)မျိုးကို စိုက်ပျိုး ရန်စီစဉ်ဆောင်ရွက်ထားရှိရာ အောက်တိုဘာလ ၇ ရက်နေ့ထိ မိုးစပါး(၈၁၄၆)ဧကကို ပြန်လည်စိုက်ပျိုးပြီးဖြစ်ကာ ပြည်နယ်အစိုးရအနေဖြင့်လည်း မျိုးစပါးတင်း(၃၅၀၀)ကိုဝယ်ယူဖြန့်ဖြူးထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသည့်တောင်သူလယ် သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ကြပါသည်။