ဘားအံ - ဒီဇင်ဘာ (၁၈)
ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့်အဖိုးတန်ဓာတ်သတ္တုများပေါများစွာထွက်ရှိ ခြင်းတို့ကြောင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကို ကျင်းပသည်။
ဦးစွာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက စည်းလုံးခြင်းသည်အင်အား ဟု အဓိပ္ပယ်ရရှိသော အောဟု အောဟောင် ကရင်တေးသီချင်းအား ကရင်ရိုးရာဒုံးအကဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မင်္ဂလာဖားစည်အားတီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်က ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ၏ အဓိကဦးတည်ချက်ဖြစ်သော Smart Investor , Green Investment ; The New Age of Kayin ဟူသည့်ဖော်ပြမှုနှင့်အညီ ရင်းနှီးမြှုပ်နှံသူများမှ ဥပဒေကိုလေးစားလိုက်နာ၍ တာဝန်ယူမှုတာဝန်ခံမှုရှိသော သဘာဝပတ်ဝန်းကျင်အားရေရှည်စဉ်ဆက်မပြတ်ထိန်းသိမ်းသော၊ လူမှုပတ်ဝန်းကျင်၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကရင်ပြည်နယ်အတွင်းလာရောက် ဆောင်ရွက်ခြင်းဖြင့် အနာဂတ်များအား အတူလက်တွဲလျှောက်လှမ်းသွားကြရန် ဖိတ်ခေါ်ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ကရင်ပြည်နယ်ကုန်သည် များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်ဖြစ် မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသောကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ကာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး က ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအလား အလာ၊ လိုလားမှု၊ စိန်ခေါ်မှုနှင့် ရရှိနိုင်မည့်အခွင့်အရေးများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ ခင်းကျင်းပြသထားသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာသဘာဝအလှဓာတ်ပုံပြခန်း၊ ဒေသထွက် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့်တွင်းထွက်ပစ္စည်းပြခန်းများ၊ ဒေသတွင်းထုတ်လုပ်သည့် လယ်ယာသုံး စက်ကိရိယာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ သို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေပြုစက်မှုကဏ္ဍကိုလည်းကောင်း၊ စက်မှု၊ ဝန်ဆောင်မှုနှင့်အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများအားချိတ်ဆက်ခြင်းကိုလည်းကောင်း ဆွေးနွေး ခဲ့ကြပြီး ကဏ္ဍအလိုက် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များမှတာဝန်ရှိသူများက ပြန်လည်ထိတွေ့ဆွေး နွေးခဲ့ကြကာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။















