ဘားအံ - ဇူလိုင် (၁၇)

            သစ်တောသစ်ပင်များကိုပိုမိုတန်ဖိုးထား ချစ်ခင်မြတ်နိုးလာပြီး စိတ်ပါဝင်စားစွာဖြင့်ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးပြုစု ထိန်းသိမ်းလိုသည့်အသိစိတ်များရှင်သန်လာစေရန် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ မြိုင်ကလေး ကျေးရွာရှိ အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀)၌ ၂၀၂၆ ခုနှစ်အတွက် မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပွဲကို ကျင်းပသည်။

            သစ်ပင်စိုက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး သစ်တောသစ်ပင်များ သည် လူသားနှင့်သတ္တဝါများ၏ ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် ယခုမိုးရာသီသစ်ပင်စိုက်ပွဲမှစိုက်ပျိုးသည့် သစ်တောသစ်ပင်များကို ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း ဟူသည့်ဆောင်ပုဒ်အတိုင်း သစ်တောသစ်ပင်များ ထာဝစဉ်ရှင်သန် တည်မြဲစေရန်နှင့် သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးကို သားစဉ်မြေးဆက် ခံစားရရှိနိုင်စေရန်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်စိုက်ပျိုးပြုစုထိန်းသိမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂)ဘိလပ်မြေစက်ရုံ၊ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ ဖြန့်ဝေစိုက်ပျိုးရန် ပျိုးပင်များအား ပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူ များနှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ဒေသနှင့်ကိုက်ညီပြီး ကြီးမြန်သစ်မျိုးများဖြစ်သည့် ပျဉ်းမ (၂၅၀)ပင်၊ သပြေ(၂၅၀)ပင်၊ မအူ(၁၀၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ မဟော်ဂနီ(၃၀၀)ပင် စုစုပေါင်း (၁၂၀၀)ပင်ကို လူထုလှုပ်ရှား မှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

            ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ပျိုးပင်ပေါင်း ၂၁၅၀၀၀(နှစ်သိန်းတစ်သောင်း ငါးထောင်)ပင် ပျိုးထောင်ထားပြီး ယခုသစ်ပင်စိုက်ပွဲအပါအဝင် ပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲ(၄)ကြိမ်၊ ခရိုင်အဆင့်(၄)ကြိမ်၊ မြို့နယ်အဆင့်(၁)ကြိမ် စုစုပေါင်း(၉)ကြိမ်အပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုး ခြင်းအနေဖြင့် အပင်ပေါင်း ၁၇၆၁၇၆ ပင်ကိုဖြန့်ဝေစိုက်ပျိုးပြီးဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၉၄ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက် ပျိုးခြင်းများအား လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။