ဘားအံ - ဇွန် (၂၈)
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် မြန်မာရွှေ့ပြောင်းအခြေခံပညာကျောင်းပေါင်း ၂၉ ကျောင်းဖွင့်လှစ် ထားရှိပြီး KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ ၅၅၃၄ ဦး ပညာသင်ကြားလျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားငယ်၊ သမီးငယ်များပညာသင်ကြားနိုင်ရေးကူညီဆောင်ရွက်ပေးသည့်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှအထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ နှစ်စဉ်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသားများသာဖြစ်သည့်အတွက် ကျောင်း နေအရွယ်ကလေးအားလုံးကျောင်းနေနိုင်ရေး၊ ရေးတတ်ဖတ်တတ်ရုံမျှနှင့်မပြီးဘဲ ပညာတတ်များဖြစ်အောင် လေ့ကျင့် သင်ကြားမွေးထုတ်ပေးစေလိုကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြစေလိုပြီး အခက်အခဲမရှိ စေရန် လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ၊ နေထိုင်စားသောက်စရိတ်မှအစ မိမိတို့အစိုးရအဖွဲ့က တာဝန်ယူ ပေးသွားမည်ဖြစ်ပြီး အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်းလုပ်သားများပညာရေးကော်မတီ (BMWEC)လက် အောက်ရှိ စာသင်ကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် ၅၅၄၃ စုံ၊ ဗလာစာအုပ် ၄၄၅၇ ဒါဇင်၊ ခဲတံ ၁၆၃၀ ဒါဇင်၊ ဘောပင် ၂၂၂ ဒါဇင်ကို မြန်မာရွှေ့ပြောင်းလုပ်သားများပညာရေးကော်မတီ (BMWEC)ဥက္ကဋ္ဌ နော်ဆာစေဖိုးထံ ထောက်ပံ့ပေးအပ်ရာ (BMWEC)ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ဘားအံမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ နှင့်အတူ နေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် အလယ်အလတ် အဆင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များအဖြစ်မှ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ပြည်နယ်အတွက်၊ နိုင်ငံ တော်အတွက်အားကိုးအားထားပြုရမည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များဖြစ်လာကြမည့် ကျောင်းသား၊ကျောင်းသူ များအပေါ် တန်ဖိုးထားအသိအမှတ်ပြုသောအားဖြင့် ယခုကဲ့သို့ နေ့လည်စာကိုအတူတကွလာရောက်သုံးဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း နေရပ်မပြန်နိုင်သည့် ကျောင်း သား၊ကျောင်းသူ (၃၀)ဦးအတွက် ငွေကျပ်သိန်း(၃၀)ကို ထောက်ပံကူညီပေးခဲ့ပြီး နေ့လည်စာအဖြစ်တည်ခင်းထား သည့် ထမင်းနှင့်ဟင်းလျာများကို ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများနှင့်အတူ သုံးဆောင်ခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၏ နေ့လည်စာသုံးဆောင်နေမှုအား လှည့်လည် ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။