ဘားအံ - ဩဂုတ် (၃)

            ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၂၈၆၉၈ ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားဧကပြည့်မီ ကျော်လွန်ရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းကျော်လွန်ရရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄ ရှိ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြကွက်(၁၀)ဧက၌ ကွင်းသရုပ်ပြပွဲနှင့်တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

            ထိုသို့ဆောင်ရွက်နေမှုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်း အား ထွန်စက်ကြီးများဖြင့်မြေမြုပ်ထည့်သွင်းထွန်ယက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန(ခွဲ)မှ သီးနှံအထွက် နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်သောနည်းလမ်းများ၊ ဘိုအိုချာ(စပါးခွံဖွဲပြာ)ပြုလုပ်သုံးစွဲနည်း၊ စူပါ ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းများကို တောင်သူအသိပညာပေးလက်တွေ့ပြုလုပ်ပြသမှု၊ စံပြကွက်(၁၀)ဧက၌ ကောက် စိုက်သမများဖြင့် မိုးစပါးစိုက်ပျိုးမှု၊ စိုက်ပျိုးပြီးမိုးစပါးစိုက်ခင်းများတွင် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများအချိုးကျ ရောစပ်ကြဲပက်မှုများကို တက်ရောက်လာသော တရုတ်လှ၊ ကော့ကျိုက်၊ ရဲသာ၊ တော်ပုံ၊ ထောင်ဝိ၊ ဝင်းကျန်၊ လှိုင်ကမ္ဘာ၊ ကော့ထမလိန်းကျေးရွာများမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

            ကရင်ပြည်နယ်အတွင်း မိုးစပါးကို မေလမှ အောက်တိုဘာလကုန်ထိစိုက်ပျိုးကြပြီး တောတောင်မြစ်ချောင်းအင်း အိုင်များ ပေါများစွာတည်ရှိသည့်အတွက် ဒေသတစ်ခုနှင့်တစ်ခုမိုးစပါးစိုက်ပျိုးချိန်မတူညီကြဘဲ  ဇူလိုင်လကုန်ထိ မိုးစပါး ၁၈၁၇၂၆ ဧက စိုက်ပျိုးပြီးစီးကာ လျာထားဧကပြည့်မီကျော်လွန်းရေးနှင့်တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ခြင်းများ၊ တောင်သူပညာပေးဆွေးနွေးဟောပြောပွဲများ၊ သဘာဝမြေဩဇာ၊ ထုံး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်မြေမြုပ် ထည့်သွင်းခြင်းများ၊ ကွင်းသရုပ်ပြပွဲများ၊ မိုးစပါးအထွက်နှုန်းတိုးတက်ရေး မိုးစပါးအထူးဇုန်များ၊ စံပြကွက်များ၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ စိုက်စနစ်မှန်ကန်အောင် ကွင်းဆင်းအသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။