ဘားအံ - စက်တင်ဘာ (၉)
ကရင်ပြည်နယ်၊ ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ပြည်နယ် အဆင့်ဖွင့်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအနေဖြင့် ပြိုင်ပွဲများကျင်းပပေးပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်အနုပညာရှင်များ ထွန်းကားလာစေရေးနှင့် ရွက်ပုန်းသီးအနုပညာရှင်များဖော်ထုတ်နိုင်ရေးအတွက် လိုအပ် သောကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး (ဗဟို)အဆင့်ပြိုင်ပွဲကြီးတွင် ကရင်ပြည်နယ်ပြိုင်ပွဲဝင်များမှအဆင့်အတန်း မြင့်မြင့်နှင့်ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်နယ်ဂုဏ်ဆောင် ပြိုင်ပွဲဝင်များဖြစ်အောင် ကြိုးစားအားထုတ်ယှဉ်ပြိုင်ကြစေလို ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် အကပြိုင်ပွဲနှင့်အတီးပြိုင်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမတွင်လည်းကောင်း၊ အဆိုပြိုင်ပွဲနှင့်အရေး ပြိုင်ပွဲကို လူငယ်စင်တာတွင်လည်းကောင်း စက်တင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး သဘင်အစည်း အရုံး၊ ဂီတအစည်းအရုံး နှင့် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ တက်ရောက်လာသော ပြိုင်ပွဲဝင်အနုပညာရှင်/ဝါသနာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အမေရိကန်ဒေါ်လာ ၁၃ သန်းခန့် ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများကိုအသုံးပြု၍ ၁၀ မဂ္ဂါဝပ် ဇီဝလောင်စာသုံးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး အဆိုပြုတင်သွင်းသည့် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံသားပညာရှင်များက ဇီဝ လောင်စာဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာသတ်မှတ်ချက်၊ ဆောက်လုပ်ရေးအချိန်ဇယား၊ အချက်အလက်ပြင်ဆင်ခြင်းနှင့်စုံစမ်းစစ်ဆေးခြင်း၊ မြို့ပြနှင့်ဖွဲ့စည်းပုံဆိုင်ရာလုပ်ငန်းများ၊ စက်ယန္တရားနှင့်ပစ္စည်းကိရိယာ များ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့်စတင်အသုံးပြုခြင်း၊ ဓာတ်အားရောင်းချမှုနင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ လူမှုအသိုက်အဝန်းနှင့်ပတ်ဝန်းကျင်အပေါ်အပြုသဘောဆောင်သောသက်ရောက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဓာတ်အားပေးစက်ရုံတည်ဆောက်ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။















