ဘားအံ - မတ် (၈)

            အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင်နိုင်မှုများ၊ လူသားအကျိုးပြုမှုများကို အသိအမှတ်ပြုဂုဏ်ပြု သောအားဖြင့်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၈ ရက် နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး ဟူသော  ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် အမျိုးသမီးထုကြီး၏အင်အားနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍကို မြှင့်တင် ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းယန္တရားများအားကောင်းစေရန် လိုအပ်မည်ဖြစ်သည့်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများမှ သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာလူ့အဖွဲ့အစည်းတွင်အဓိကအင်အားစုကြီးတစ်ခုဖြစ်သော မြန်မာအမျိုးသမီး များသည် ကဏ္ဍစုံတွင် အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်နေကြပြီး တွေ့ကြုံနေကြသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အမျိုးသမီးများ၏စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ကြပါစေကြောင်း ပြော ကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအရေးဆောင်ရွက်နေ ကြသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သောသဝဏ်လွှာ video Clip နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အထိမ်းအမှတ် video Clip တို့ကို အတူတကွကြည့်ရှုခဲ့ကြပြီး မူလတန်းကြိုကျောင်းများမှ ကလေးငယ်များက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထား သော ပြည်နယ်၊ခရိုင်၊မြို့နယ်အမျိုးသမီးကော်မတီများနှင့် ကရင်ပြည်နယ်အမျိုးသမီးရေရာအဖွဲ့တို့၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်ဒေသထွက်အမျိုးသမီးထုတ်ကုန်များ၊ အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။