ဘားအံ - မတ် (၈)
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် တပေါင်းပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဦးစွာ တပေါင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရှေ့ယခင် ကတည်းကပင် တပေါင်းပွဲတော်ကို ဇွဲကပင်ဘုရားပွဲတော်နှင့်အတူ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ပြုလုပ်ခဲ့ကြကြောင်း၊ ယခုနှစ်တွင်လည်း အစဉ်အလာမပျက်စည်ကားသိုက်မြိုက် စွာကျင်းပသွားနိုင်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ရာ ဂေါပက အဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူး များ၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ဂေါပကအဖွဲ့ဝင်များက မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ အာရုံဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ လူထုဧည့်ပရိတ်သတ် များအား စတုဒိသာဖြင့်ကျွေးမွေးဧည့်ခံနိုင်ရေး၊ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နိုင်ရေး၊ သံဃာတော်အပါး ၃၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး၊ မီးပုံးပျံ လွှတ်တင်ပူဇော်နိုင်ရေး၊ စင်တင်တေးဂီတဖျော်ဖြေပွဲနှင့် ဇာတ်သဘင်အကအလှများထည့်သွင်းဖျော်ဖြေပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ထိုသို့ ဆွေးနွေးတင်ပြချက်များအပေါ် တပေါင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြပါသည်။