ဘားအံ - မတ် (၆)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ပထမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့် အညီ ယခင်နှစ်များထက်ပိုမိုထူးခြားစည်ကားစွာကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီအသီးသီးကိုဖွဲ့စည်းတာဝန် ပေးအပ်ထားကာ အောင်မြင်စွာကျင်းပသွားနိုင်ရေး ကြိုတင်ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးပေးကြ စေလိုကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်ကော်မတီအသီးသီးမှအတွင်းရေးမှူးများက မြန်မာ သက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲနှင့်တပင်တိုင်အကပြိုင်ပွဲကို ကိုယ်ပိုင် သံစဉ်နှင့် Copy သံစဉ်ဟူ၍ နှစ်မျိုးထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအချိန်ယူကြိုတင်ပြင်ဆင်ထားနိုင် ရေး၊ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်များနှင့် ရပ်ကွက်/ကျေးရွာရေကစားမဏ္ဍပ်များ စနစ်တကျတည်ဆောက်၍ မဏ္ဍပ် ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားနိုင်ရေး၊ ခေမာလမ်းနှင့်အင်ကုန်းလမ်းကြား ပေ(၁၀၀၀)ကို လမ်းလျှောက်သင်္ကြန်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲနိုင်ရေး၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ပူဇော်ပွဲများကျင်းပနိုင်ရေး အစရှိသည့် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များ ကို တင်ပြဆွေးနွေးကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ တင်ပြဆွေးနွေးချက်များအပေါ် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြပါသည်။