ဘားအံ - ဇူလိုင် (၃၁)
ကရင်ပြည်နယ်အတွင်း မိခင်သေဆုံးမှုနှင့်ကလေးသေဆုံးမှုလျော့နည်းကျဆင်းရေးအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို ဇူလိုင် လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းပြီးဆုံးသည့်အခါသင်တန်းမှရရှိသည့်ကျန်းမာရေးအသိပညာများကို မိမိတို့ကိုယ်တိုင်လိုက်နာ ကျင့်သုံးနိုင်ရုံသာမက မိမိတို့၏မိသားစု၊ တာဝန်ကျရာဒေသရှိ ကျောင်းသား၊ကျောင်းသူများနှင့်ပတ်ဝန်းကျင်ကို အကျိုးပြု နိုင်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများ၏ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီပါဝင်ဆောင် ရွက်ပေကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း၏သင်ကြားမှု၊သင်ယူမှုများ အဆင်ပြေချောမွေ့စေရေးအတွက် သင် တန်းစရိတ် ငွေကျပ် ၃၅၁၀၀၀ဝိ/-(သုံးဆယ်ငါးသိန်းတစ်သောင်းကျပ်)ကို ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယကထံ ချီးမြှင့်ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊သင်တန်းသူ၊ဆရာ၊ဆရာမများက ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကထံ မိခင်နှင့်ကလေးအသင်းဝင်အဆိုပြုလွှာများအား ပေးအပ်ကြသည်။
အဆိုပါသင်တန်းကို ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊သင်တန်းသူ ၁၄၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















