ဘားအံ - ဩဂုတ် (၉)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ Green City , Clean City ဖြစ်စေရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလက်စတစ်စွန့်ပစ်ပစ္စည်းသုံးစွဲမှုလျော့ချ နိုင်ရေး အသိပညာပေးလူထုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လှာကဒေါင်မင်္ဂလာအင်းချစ်သူများပူးပေါင်း၍ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လှာကဒေါင်မင်္ဂလာအင်းခရီးစဉ်ဒေသ၌ စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

            လှာကဒေါင်မင်္ဂလာအင်းခရီးစဉ်ဒေသသည် ကရင်ပြည်နယ်၏ခရီးစဉ်ဒေသ(၁၉)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ခရီးသွားဧည့်သည်များနေ့စဉ် လာရောက်အပန်းဖြေသည့် နေရာတစ်ခုဖြစ်သည်နှင့်အညီ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များ ကြောင့် ခရီးစဉ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှုမရှိ စေရေးနှင့် မြေယာထိန်းသိမ်းမှုလုပ်ငန်းကိုမြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် စုပေါင်းအမှိုက်ကောက်ကြခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ လှာကဒေါင်မင်္ဂလာအင်းချစ်သူများ၊ NCA လက်မှတ်ရေးထိုးထားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဘားအံဆက်ဆံရေးရုံး ဌာနမှူးနှင့်အဖွဲ့၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များက  လှာကဒေါင်မင်္ဂလာအင်းပတ်လမ်းတစ်လျှောက်ရှိ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက် သရိုက်များကို စုပေါင်းဖယ်ရှားရှင်းလင်းခဲ့ကြသည်။

            ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးစယဉ်ဌေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစောခေါင်ပန်ထော့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးသက်ထွေးလွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူ များနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ကရင်ပြည်နယ်၏ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာခရီးစဉ်ဒေသချစ်သူများက ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အခါအားလျှော်စွာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။