ဘားအံ - ဇူလိုင် (၂၆)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ Green City , Clean City ဖြစ်စေရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလက်စတစ်စွန့်ပစ်ပစ္စည်းသုံးစွဲမှုလျော့ချ နိုင်ရေး အသိပညာပေးလူထုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကြာအင်းတောင်ချစ်သူများပူးပေါင်း၍ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော ကြာအင်းတောင်တောင်ခရီးစဉ်ဒေသ၌ စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
ကြာအင်းတောင်ခရီးစဉ်ဒေသသည် ကရင်ပြည်နယ်၏ခရီးစဉ်ဒေသ(၁၉)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ခရီး သွားဧည့်သည်များနေ့စဉ် တောင်တက်အပန်းဖြေသည့် နေရာတစ်ခုဖြစ်သည်နှင့်အညီ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်များ ကြောင့် ခရီးစဉ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှုမရှိ စေရေးနှင့် မြေယာထိန်းသိမ်းမှုလုပ်ငန်းကိုမြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် စုပေါင်းအမှိုက်ကောက်ကြခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကြာအင်းတောင်ချစ်သူများ၊ ဘားအံမြို့ပေါ်မှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ကြာအင်းတောင်တက်လမ်းတစ်လျှောက်ရှိ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံ ဇာတရေးရာဝန်ကြီးဦးစယဉ်ဌေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်၏ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာခရီးစဉ်ဒေသချစ်သူများက ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အစိုးရရုံးပိတ်ရက် စနေ၊တနင်္ဂနွေနေ့များတွင် အခါအားလျှော်စွာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။















