ဘားအံ - ဖေဖော်ဝါရီ (၁၂)

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့် အခမ်း အနားကို ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဦးစွာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကိုကျင်းပရာ  ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည် တော်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး အလံစောင့်တပ်ဖွဲ့နှင့် အလံတင်တပ်ဖွဲ့ တို့က နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်တင်ကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုတပ်ဖွဲ့နှင့်အလံတင်တပ်ဖွဲ့တို့အားဂုဏ်ပြုဆု၊ (၇၉)နှစ်မြောက် ပြည် ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံအဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကျပန်းစကား ပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအားဂုဏ်ပြုဆု စုစုပေါင်း ၉၁ ဆုကို ချီးမြှင့်ပေးအပ်ခဲ့ကြ သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာပြခန်းများ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု ဌာနဆိုင်ရာပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးဆိုင်ရာ စက်မှုလက်မှုထုတ်ကုန်ပြခန်းများ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ 

ထို့အပြင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့်  ခေါင်းအုံးရိုက်၊  ချောတိုင်တက်၊ အပ်နှဖား ထိုး၊ ဖယောင်းတိုင်မီးထွန်း၊ ခြေသုံးချောင်းထောက်၊ မုန့်ကိုက်၊ ပူပေါင်းဖောက်၊  စကောရွက်၊ အာလူးကောက် အပြေးပြိုင်ပွဲ အစရှိသော အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံထုတ်ဆီးထိုးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။