ဘားအံ - ဖေဖော်ဝါရီ (၂၆)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဘားအံ မြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံအသီးသီးတွင် အားကစားနည်း ၁၅ နည်း၊ ကျောင်းသား၊ကျောင်းသူ၊ လူငယ်၊လူရွယ် ၁၂၁၂ ဦးဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်လျှက်ရှိရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အဆိုပါသင်တန်းများဖွင့်လှစ်နေမှုအခြေအနေများ ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစားလှုပ် ရှားခြင်းဖြင့် ကျန်းမာသန်စွမ်းသောလူသားအရင်းအမြစ်များဖြစ်ပေါ်လာစေရန်၊ လူငယ်လူရွယ်များအားကစားနည်း အခြေခံကိုတတ်မြောက်၍ ထူးချွန်ထက်မြတ်သောအားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကရာတေးအားကစားနည်း၊ ကာယဗလနှင့်ကာယအလှ လေ့ကျင့်ရေးခန်းမ၌ အေရိုးဗစ်အားကစား နည်း၊ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားနည်း၊ ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ အောင်သံလွင်အားကစားကွင်း၌ ဘောလုံးအားကစားနည်း၊ လှာကမြင်အားကစားကွင်းရှိ မိုးလုံလေလုံအား ကစားခန်းမ၌ ဘော်လီဘောအားကစားနည်း၊ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ခြင်းလုံးအားကစားနည်း အခြေခံလေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာအားကစာနည်းများအလိုက် အားကစားပစ္စည်းနှင့် အားကစားဝတ်စုံများကို ချီးမြှင့်ပေးအပ်ကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်လျှက်ရှိသော အားကစားကွင်းအားကစားရုံများကို ကြည့်ရှုစစ်ဆေး၍  အဆင့်မီအားကစားကွင်း၊ အားကစားရုံများအဖြစ် စနစ်တကျ ပြုပြင်ထိန်းသိမ်း၍ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြည်သန့်ရှင်းသပ်လှပရေး  တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။