ဘားအံ - အောက်တိုဘာ (၁၇)
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်း အမှတ် မီးပုံပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ မီးပုံးပျံကြီး အလုံး(၃၀)ကို တပျော်တပါးစုပေါင်းလွှတ်တင်ပူဇော်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည် နှင့်အညီ တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူ ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့်စူဋ္ဌာမဏိစေတီတော်အားရည်မှန်း၍ မီးပုံးပျံကြီးများလွှတ်တင်ပူဇော်ခြင်းဖြစ်ပြီး လွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သီရိကွင်း အတွင်းနေရာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များကို အစဉ် အလာမပျက်ဆင်နွှဲကျင်းပခြင်းအားဖြင့် မြန်မာ့နိုင်ငံ၏ တည်ငြိမ်အေးချမ်းသည့်ပုံရိပ်ကို ဖော်ကျူးသကဲ့သို့ တိုင်းရင်း သားစည်းလုံးညီညွတ်မှုကိုလည်းဖော်ကျူးထင်ဟပ်စေကြောင်း၊ မိမိတို့ပြည်နယ်အတွင်း ကဏ္ဍအားလုံးတွင် စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် နောက်နှစ်များတွင်လည်း ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို အစဉ်အလာမပျက်ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးပုံးပျံလွှတ်တင်ပူဇော် ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအဖွဲ့(၃၀)အား ဂုဏ်ပြု ဆုငွေများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးပုံးပျံလွှတ်တင်ပူဖော်နိုင်ကြောင်း မင်္ဂလာရွှေမောင်းကို တီးခတ်၍ အချက်ပေးရာ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များပါဝင်သော မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့များက အောက်ခြေအချင်း ၆ ပေ၊ အမြင့် ၄၀ ပေနှင့်အထက်ရှိသော မီးပုံးပျံကြီး ၃၀ လုံးကို အိုးစည်ဗုံမောင်းများ၊ တိုင်းရင်းသား တို့၏ယဉ်ကျေးမှု အတီး၊အမှုတ်၊အက၊အခုန်များဖြင့် လွှတ်တင်ပူဇော်ကြသကဲ့သို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလည်း မီးပုံးပျံအသေး အလုံး(၁၀၀)တို့ကို လွှတ်တင်ပူဇော်ကြသည်။
ထိုသို့ မီးပုံးပျံများလွှတ်တင်ပူဇော်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ယနေ့ကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းပွဲတော်တစ်ရပ်ကို ဆင်နွှဲခြင်းဖြစ် သကဲ့သို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ ကောင်းမှုကုသိုလ်ပြုသည့်ပွဲလည်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်း သီးတင်းသုံးတော်မူကြသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဝါကျွတ်ကာလပူဇော်ကန်တော့ပွဲ မင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက် ဖူးမြော်ကြည်ညို၍ ပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဓမ္မကထိကဗဟုဇန ဟိတဓရ ဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ပြည်နယ်အတွင်းရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီး(၁၁)ပါး ကြွရောက်ချီးမြှင့် တော်မူကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဓမ္မကထိကဗဟုဇန ဟိတဓရဘဒ္ဒန္တကဝိဓဇထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်စသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဓမ္မကထိကဗဟုဇန ဟိတဓရဘဒ္ဒန္တကဝိဓဇ၊ လှိုင်းဘွဲမြို့နယ်၊ ဥဒေါင်းကျောင်း တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခန္တီဝဏ္ဏ ၊ ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောပါကတို့က သာရဏီယ ဩဝါဒကထာများ မြွက်ကြားချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ တက်ရောက်လာသော လူပုဂ္ဂိုလ်ဧည့်ပရိတ် များကိုလည်း နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။