ဘားအံ - ဒီဇင်ဘာ (၂၀)

            ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှ သည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ တတိယအပတ်ကို ယနေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့်အထူးစည်ကားခဲ့သည်။

            ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၂၇၀၀ ဦးခန့်ပါဝင်ဆင်နွှဲခဲ့ကြပြီး စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ မင်းတန်းလမ်း၊ ဘီအိုစီလမ်း၊ ကမ်းနားလမ်း၊ ပိတောက်လမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျောက်၍ သီရိကွင်းအတွင်းသို့ပြန်လည်ဝင်ရောက်ခဲ့ကြကာ အကြောလျှော့လေ့ကျင့်ခန်းများစုပေါင်းဆောင် ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲ အမှတ်(၁)၊ အမှတ်(၂)နှင့်Physical Fitness Dance  တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင်ပါဝင်ယှဉ်နွှဲကြသူများအား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးနှင့်ကျေးလက်လမ်းဦးစီးဌာနတို့မှ  နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ Small Goal သွင်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ တို့ကို ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။