ဘားအံ - ဩဂုတ် (၂၁)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေး၊ သန့်ရှင်း သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာသော မြို့တော်ဖြစ်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်မိရပ်ဖများ၊ ဒေသခံမြို့နေပြည်သူများပူးပေါင်း၍ အဖက်ဖက်မှ ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့အဝင် ရတနာဆင်ဖြူတော်လေးစီးပါဝင်သောဖားစည် အဝိုင်းမှ မြို့အဝင်မုခ်ဦးအထိ လမ်းမကြီးဘေးတစ်လျှောက်တွင် အရိပ်ရပန်းအလှပင်များ စိုက်ပျိုးခဲ့ကြသည်။

            ဘားအံမြို့သည် ခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာလည်ပတ်သည့် မြို့တော်ဖြစ်သည်နှင့်အညီ ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်များအားပိုမိုဆွဲဆောင်နိုင်ရေး၊ ဒေသခံများပူးပေါင်း ပါဝင်သည့် ခရီးသွားမြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးစောခေါင်ပန်ထော့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြးရေးမှူးဦးအောင်ကျော်ထွန်း၊ အင်ဂျင်နီယာမှူး ကြီးဦးစိုးလွင်၊ ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိဦးဇော်လင်းထွန်း၊ ပြည်နယ်/မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့မှဝန်ထမ်းများက လမ်းမကြီးတစ်လျှောက် မိုးရာသီတွင်ပွင့်လန်းသည့် ခရမ်းရောင်ပျဉ်းမပင်ပေါင်း (၁၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့အဝင်၊ မြို့အထွက်နေရာများတွင် ပန်းအလှပင်ပေါင်း ၁၇၀၀ ပင်ကို ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

            ထိုသို့ စိုက်ပျိုးနေမှုကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ရာသီမရွေး ပန်းပေါင်းစုံ ဖူးပွင့် ဝေဆာသော မြို့တော်ဖြစ်စေရေး ပန်းအလှပင်များနှင့် အရိပ်ရပင်များကိုပိုမိုစိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြား ခဲ့ပါသည်။