ဘားအံ - ဖေဖော်ဝါရီ (၂၁)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး ရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးကျောင်း၏ကြီး ကြပ်မှုဖြင့်ဖွင့်လှစ်သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ်၊ထုံးအိုင်ကျေးရွာ ရွာလယ်ကျောင်းတိုက်၌ ကျင်းပသည်။

            သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လျှပ်စစ်သည်နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါ သည့်အရာဖြစ်သည့်အတွက်  ဆိုလာသွယ်တန်းတပ်ဆင်ခြင်းသည် မိမိတို့နေအိမ်အတွက်သော်လည်းကောင်း၊ ရပ်ရွာဒေသ အတွက်သော်လည်းကောင်း အလွန်အသုံးဝင်အရေးပါပြီး သင်တန်းမှသင်ကြားပေးလိုက်သော နည်းပညာများကို သိရှိ နားလည်နေရုံဖြင့်မရဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှရရှိသော အသိပညာ၊အတတ်ပညာနှင့်ဗဟုသုတများကို ပေါင်းစပ် လုပ်ကိုင်မှသာ သင်တန်းသားတို့၏ဘဝရပ်တည်နေထိုင်ရေးအတွက် ခိုင်မာသည့်အခြေခံ အုတ်မြစ်ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ သင်တန်းမှသင်ယူရရှိခဲ့သည် အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိတတ်ကျွမ်းသည့် ပညာရပ်များဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများတွင် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ လျှပ်စစ်ကျွမ်းကျင်လုပ်သား(အဆောက်အဦ) အဆင့်(၂)စင်တာအတွက် လိုအပ်သော လက်သုံးကိရိယာ ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းသင်တန်းသားတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များ၊ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး လျှပ်စစ်ကျွမ်းကျင် လုပ်သား (အဆောက်အဦ) အဆင့်(၂)စင်တာအတွက် လိုအပ်သော လက်သုံးကိရိယာပစ္စည်းများနှင့် သင်တန်းဆင်းသင်တန်းသား များကိုယ်တိုင်လက်တွေ့ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားခဲ့ပါသည်။