ဘားအံ - ဇူလိုင် (၂၂)

            ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ ၁၄၀ ပေ x ၆၀ ပေ RC (၂)ထပ် စားသောက်ဆောင်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက  အဆိုပါအဆောက်အဦတည်ဆောက်မည့်နေရာ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပန္နက်ရိုက်မင်္ဂလာကို ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တာဝန်ယူတည်ဆောက်မည့်ကုမ္ပဏီနှင့် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး တို့က အဆောက်အဦ တည်ဆောက်မည့်ပုံစံအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာ ပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာပန္နက်တော်တင်အခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အဆောက်အဦဆောက်လုပ်မည့် ပရဝုဏ်အား လှည့်လည် ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများ အားမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တော်ပုံကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းကောင်စီအသင်း(၅)သင်းအား တစ်သျှူးငှက်ပျောပျိုးပင်များပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများက တစ်သျှူး ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးနေမှုနှင့် School Garden ကျောင်းတွင်းဟင်းသီး ဟင်းရွက်စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှု မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် အဆိုပါကျောင်းရှိ မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူ ၂၂၀ ဦးအား နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး အစရှိသော အင်အားဖြည့်စွက်စာများကို တိုက်ကျွေးခဲ့ကြပြီး အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးတို့ကိုလည်း အင်အားဖြည့်စွက်စာများ တိုက်ကျွေးခဲ့ကြပါသည်။