ဘားအံ - ဇူလိုင် (၂၇)
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ် သည့် ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ် ကြက်ခြေနီမောင်မယ်များအနေဖြင့် သင်တန်းတွင်သင်ကြား တတ်မြောက်ပြီးဖြစ်သည့် ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ကြရန်၊ ပညာပြည့်ဝ နှလုံးလှသော စွမ်းဆောင်ရည်ပြည့်ဝသည့် ထူးချွန်ကြက်ခြေနီကောင်းများ ဖြစ်ပေါ်လာစေရန် ယခုထက်ပိုမိုလေ့လာဆည်းပူး သင်ယူပြီး အမြဲတမ်းအဆင့်သင့်ဖြစ်အောင် လေ့ကျင့်ထားကြရန် တိုက်တွန်းပြောကြားကာ သင်တန်းထူးချွန်သင်တန်းသား၊ သင်တန်းသူများကို ကြက်ခြေနီဝတ်စုံများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘားအံ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက သင်တန်းဆင်းအစီရင်ခံစာအား ဖတ်ကြားရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ကိုလည်းကောင်း၊ ရှေးဦးပြုစုခြင်းနှင့်ပတ်သက်သည့် အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဘားအံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့ပါသည်။















