ဘားအံ - ဧပြီ (၆)
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းတာဝန်များကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းတာဝန်ထမ်းဆောင်လျှက်ရှိသော ဘားအံမြို့နယ်အတွင်းရှိ ဌာနေ ပြည်သူ့စစ်အဖွဲ့များအား ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုပ်ငန်းတာဝန်များထမ်းဆောင် ရာတွင် ပြည်သူ့စစ်တပ်ဖွဲ့များအချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပြီး ပြည်သူများမှ ယုံကြည်အားကိုးထိုက်သည့် ပြည်သူ့စစ်မှုထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်မှတာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့မှ ဘားအံမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်အဖွဲ့များအား စုစုပေါင်းငွေကျပ် ၁၅၄၀၈၀၀ဝိ/- (တစ်ရာ့ငါးဆယ် လေးသိန်းရှစ်သောင်း) တန်ဖိုးရှိ ဆန် ၉၀ အိတ်၊ ဆီ ၉၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၉၀ ဖာ၊ ကြက်ဥ ၉၀ ကဒ်တို့ကို ထောက်ပံ့ပေးအပ်ရာ ဌာနေပြည်သူ့စစ်တစ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဌာနေပြည်သူ့စစ်အဖွဲ့များအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကိုအကျိုးမဲ့ မကုန်ဆုံးစေဘဲ အသိပညာ၊အတတ်ပညာများကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံ ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက် ရှိရာ ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ကျင်းပသည်။
အဆိုပါသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ခေတ် ကျောင်းသား၊ကျောင်းသူ၊လူငယ်လူရွယ်များ ပညာ ဉာဏ်ရည်မြင့်မားစေရန်၊ နိုင်ငံအတွက်အားကိုးရမည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူငယ်များ၏အောင်မြင်မှုများကိုလည်း ထိုက်တန်စွာဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ကွန်ပျူတာအခြေခံအသုံးပြုနည်း၊ အင်္ဂလိပ်+မြန်မာစာစီစာရိုက်ခြင်း၊Excel အသုံးပြုခြင်း၊ Power Point အသုံးပြုခြင်းနှင့် Microsoft Word စသည့် ပညာရပ်အခြေခံများကို သင်ကြားပေးခဲ့ခြင်းကြောင့် လူငယ်များအတွက် အကျိုးရှိစေမည့် ပညာရပ်များဖြစ်ကြောင်း၊ နည်းပြများ သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန် ဆက်လက်ကြိုးစားလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဆိုင်ရာများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုများ၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းနည်းပြဆရာမအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား၊သင်တန်းသူ ၃၀ ဦးက မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ထိ ရက်သတ္တပတ် ၃ ပတ်ကြာ ကွန်ပျူတာအခြေခံဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပြီးမြောက်၍ သင်တန်းဆင်းခဲ့ ကြခြင်းဖြစ်ပြီး ယခုသင်တန်းဆင်းပွဲသည် နွေရာသီကျောင်းပိတ်သည့်ကာလတွင် ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ တတိယအကြိမ်မြောက်ကျင်းပသည့်သင်တန်းဆင်းပွဲဖြစ်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ တော်အပြီးတွင် သင်တန်းများဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။