ဘားအံ - ဧပြီ (၈)

            ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတို့၏(၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

            အစည်းအဝေးတွင် ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ သန်းခေါင်းစာရင်းဆိုင်ရာဆောင်ရွက်မှုများ၊ အဆောက်အဦစာရင်းတင်ခြင်းဆိုင်ရာ တင်ပြချက်၊ စာရင်းကောက်ကွက်၊ စာရင်းစစ်/စာရင်းကောက်ဆိုင်ရာတင်ပြချက်၊ ဘတ်ဂျက်ဆိုင်ရာ၊ လူထုပညာပေး နှင့်ဗဟိုသန်းခေါင်စာရင်း‌ကော်မရှင်၏ တတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အောင် မြင်စွာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြေပြင်စာရင်းကွင်း ဆင်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှု၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ မြို့နယ်အလိုက်ခန့်မှန်းကောက်ကွက်အရေအတွက်နှင့်လိုအပ်မည့်စာရင်းစစ်၊စာရင်းကောက်ခန့်မှန်း စာရင်းတို့ကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ ကာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။