ဘားအံ - မေ (၂၉)

            ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

            ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ အောင်မြင်မှု ပန်းတိုင် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းအားဖြင့် အားကစား သမားများလေ့ကျင့်သားပြည့်ဝလာကာပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်၍အောင်မြင်မှုများရရှိလာနိုင်မည်ဖြစ်ကြောင်း၊  အားကစားသာများအနေဖြင့် မိမိတို့ကိုယ်စားပြုမြို့နယ်အသင်းအောင်နိုင်ရေးအတွက် ကြိုးစားယှဉ်ပြိုင်ကစားသွား ကြရန်လိုအပ်မည်ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ဖူဆယ်အားကစားနည်းဖြင့် ပြည်နယ် ၏ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းတိုက်တွန်းပြောကြား၍ ပြိုင်ပွဲ အားဖွင့်လှစ် ပေးသည်။

            ထို့နောက် ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၇)သင်းမှ အမျိုးသား၊အမျိုးသမီး အားကစားသမား ၁၄၀ ဦးတို့သည် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ယင်းနောက် ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက အမျိုးသား ဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ် အဖြစ်    ကော့ကရိတ်မြို့နယ်အသင်းနှင့်မြဝတီမြို့နယ်အသင်းတို့၏ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်များတွင် ဘားအံမြို့နယ်အမျိုးသားဖူဆယ် အသင်းက ၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ကော့ကရိတ်မြို့နယ်အမျိုးသမီးဖူဆယ် အသင်းက ၁၁ ဂိုး ဂိုးမရှိဖြင့်လည်ကောင်း  အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရပါသည်။