ဘားအံ - မတ် (၁၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာ ကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် သံတောင်ကြီးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက သုံးပွဲပြတ်ဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့ နှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပူးတွဲတတိယ၊ ဒုတိယနှင့် ပထမဆုရရှိသည့်အသင်းများအား တစ်ဦးချင်းလည်းဆွဲဆုနှင့်ငွေသားဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် အမျိုးသမီးဘော်လီဘော အသင်း နှင့် အမျိုးသားဘော်လီဘောအသင်းတို့အား ပထမဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ (၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ-လှိုင်းဘွဲလမ်း ကတ္တရာ လမ်းဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါလမ်းသည် ၃၅ ဒဿမ ၀၀၃ ကီလိုမီတာရှည်လျားပြီး ယခင်က ၁၂ ပေအကျယ်ကတ္တရာလမ်းအဖြစ် တည်ရှိခဲ့ရာမှ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေ ကျပ် ၂၁၆ ဒဿမ ၄၀၄ သန်းဖြင့် မြေသားတာဘောင်ချဲ့ခြင်း(၃)ကီလိုမီတာနှင့်လမ်းဝဲ/ယာရေမြောင်းတူခြင်း(၁ ဒဿမ ၅ )ကီလိုမီတာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၄၃၂ ဒဿမ ၄၆ သန်း ဖြင့် (၂၄)ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း(၃ ဒဿမ ၂၉၇)ကီလိုမီတာ၊ (၃၆)ပေအကျယ်ကတ္တရာကွန်ကရစ်လမ်းချဲ့ခြင်း(၂) ကီလိုမီတာနှင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၁၉၇၀ ဒဿမ ၈၁၆ သန်းဖြင့် ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း(၂)ကီလိုမီတာ၊ (၃၆)ပေအကျယ်ကတ္တရာကွန်ကရစ်လမ်းချဲ့ခြင်း(၁ ဒဿမ ၆၀၉)ကီလိုမီတာနှင့် ပေ ၄၀ အကျယ် RC Box-Culvert(၂)စင်းချဲ့ခြင်းနှင့် မဲဘောင်တံတား(၅၄ ဒဿမ ၅)ပေ ချဲ့ခြင်း၊ ချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို အသီးသီးအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်ပွဲအခမ်းအနားကိုကျင်းပခြင်းဖြစ် သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံနှင့် အမှတ် တရလက်ဆောင်များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာ၊ စင်္ကြာဝဋ္ဌာကိုးနဝင်းဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့သည် ဓမ္မညီနောင်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး မဲဆမိတ်ဆရာတော်ထံမှ ဩဝါဒတရားနာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများက ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အလှူငွေကျပ် ၁၀ သိန်းကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး အလှည့်ကျသံဃာတော် တစ်ပါးမှ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။