ဘားအံ - ဩဂုတ် (၂၇)
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံမြို့)တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူတည်ဆောက်သော ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန(၂)ထပ် တိုးချဲ့ဆောင်သစ် ဖွင့်ပွဲကို ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီက အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။
ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန(၂)ထပ်တိုးချဲ့ဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ(၁၁၄၀)သိန်းဖြင့်လည်းကောင်း၊ တိုးချဲ့ပြင်ပလူနာဆောင်သစ်ရှေ့ပင်မဂိတ်တံခါး တိုးချဲ့ခြင်းနှင့်ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ(၉၈)သိန်းဖြင့်လည်းကောင်း ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင်လိုအပ်သော ကူညီပံ့ပိုးမှုများကို မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ ကျန်းမာရေး၊ ကုသရေးကိစ္စရပ်များကို ယခင်ကထက်ပိုမိုပြီး ဝန်ဆောင်မှုနှင့်ကုသမှုပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်က ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက အဆောက်အဦနှင့်ပတ်သက်သည့်စာရွက်စာတမ်းများကို ဆေးရုံအုပ်ကြီး ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက အဆိုပါပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန(၂)ထပ်တိုးချဲ့ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး ၍ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန(၂)ထပ်တိုးချဲ့ဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သည် ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံ ငွေကျပ် ၁၆၄၀ သိန်းဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဆေးရုံကြီးဆိုင်းဘုတ်တည်ဆောက်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ(၂) ထပ်ဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဆေးရုံကြီး (၄)ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်ခြင်းလုပ်ငန်း၊ တိုးချဲ့နားနေဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ(၂)ထပ်ဆောင် မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း၊ ခွဲစိတ်(၄)ထပ်ဆောင်ဘေးကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ တိုးချဲ့ပြင်ပလူနာ ဆောင်သစ်ရှေ့ ပင်မဂိတ်တံခါးတိုးချဲ့ခြင်းနှင့်ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း၊ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန(၂) ထပ်တိုးချဲ့ဆောင် သစ်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အသီးသီးဆောင်ရွက်ပေးခဲ့ပါသည်။