ဘားအံ - ဇူလိုင် (၃)

            ကရင်ပြည်နယ်အတွင်း အမျိုးသမီးများ ဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ အသက် မွေးဝမ်းကျောင်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍ အစရှိသည့်ကဏ္ဍများဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှသိရသည်။

            မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကဏ္ဍပေါင်းစုံမှတမ်းတူညီမျှပါဝင်နိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးကိုဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးကဏ္ဍများအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပြည်နယ်အတွင်း အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများတွင်ထူးချွန်ခဲ့သောအမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့့်ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးကော်မတီတို့မှ ခင်းကျင်းပြသထားသည့် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ကရင်ပြည်နယ်ဒေသထွက် အမျိုးသမီးထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဆက်လက်၍ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ(၁/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တွဲဘက်အတွင်းရေးမှူးပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၏ တင်ပြဆွေးနွေးမှုများအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။