ဘားအံ - ဇန်နဝါရီ (၁၉)

            ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဇန်နဝါရီ လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ် ၁၀၀၆(ခ)၊ ကျိုက်ပတိုင်ကွင်းရှိ တောင်သူ ဦးချစ်ချစ်၏ လယ်၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းလဲလာသည့်ရာသီဥတုအခြေအနေအရ မိမိတို့လယ်ယာမြေများတွင် အချိန်မီထွန်ယက်စိုက်ပျိုးရန်လိုအပ်သည့်အတွက် လုပ်သားရှားပါးမှုပြသနာကိုကျော်လွှားနိုင်ရန် သမရိုးကျစိုက်ပျိုး ထုတ်လုပ်ခြင်းထက် လယ်ယာသုံးစက်ကိရိယာများဖြင့် တွင်တွင်ကျယ်ကျယ်အစားထိုးအသုံးပြုကြရန်လိုအပ်ကြောင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် (၁)ဧက ၄၈၀၀၀ ကျပ်သာကုန်ကျမည်ဖြစ်ပြီး ကောက်စိုက်သမလုပ်အားခနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာစေသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကိုသက်သာစေမည် ဖြစ်ကြောင်း၊ သီးနှံအတွက်လိုအပ်သည့် ယူရီးယာနှင့်သဘာဝမြေဩဇာများကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တွဲဖက်၍ အချိုးကျအကျိုးရှိရှိသုံးစွဲကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေး မှူးဦးကျော်စွာဦးက နွေစပါးမြစ်ရေတင်ဧရိယာအတွင်း မြစ်ရေတင်လုပ်ငန်းစီမံဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နွေစပါးစိုက်တောင်သူတစ်ဦးက ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က မြိုင်ကလေး၊ ရသေ့ပျံ၊ ကော့ဂွန်း၊ ကော့ရင်းအောက်ကျေးရွာများမှ နွေစပါးစိုက်တောင်သူများအား ယူရီယားဓာတ်မြေဩဇာ(၅၀)အိတ်နှင့် သဘာဝမြေဩဇာ(၅၀)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာ သောတောင်သူများနှင့်အတူ ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ကူဘိုတာခြေက်တန်းသွားကောက်စိုက် စက်(၃)စီး၊ လက်ဆွဲကောက်စိုက်စက် (၁)စီးတို့ဖြင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အလားတူ ပရိယတ္တိ၊ ပဋိပတ္တိ ဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊သာမဏေ၊သီလရှင်နှင့်လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇာန္ဒ ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသောပါက အမှူးပြုသော အထူးပင့်သံဃာတော်များ နှင့် စာအောင်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြည်ညို၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ထူးမခြားနား ဘုရားရောင် တော်ဖွင့်ဓမ္မတေးသီချင်းကို တီးခတ်သီဆိုပူဇော်၍ နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇာန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများက  အထူးပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စာအောင်သံဃာတော်များ၊ သီလရှင် များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ယနေ့ကျင်းပသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်း (၁၀)ပါး၊ ပထမလတ်တန်း(၂၇)ပါး၊ ပထမငယ်တန်း(၄၂)ပါး၊ အခြေပြု မူလတန်း(၁၅၀)ပါး ၊ သီလရှင်(၄၇)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦး၊ စုစုပေါင်း စာအောင်သံဃာ၊သီလရှင်၊လူပုဂ္ဂိုလ် (၂၈၁)ပါး/ဦးတို့အား စာအောင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရ သည်။

            ယင်းနောက် တေးသံရှင်လင်္ကာရည်ရည်ခိုင်က စာအောင်သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြု တေးထပ်ဖြင့် သီဆိုပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောပါကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ က ကြွရောက်ချီးမြှင့်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များနှင့်စာအောင်သံဃာတော်၊သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါသည်။