ဘားအံ - စက်တင်ဘာ (၁၃)

            ဒေသတွင်း ငါးသယံဇာတပေါကြွယ်ဝပြီး ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေး လျက်ရှိရာ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော တောင်ဝိုင်းတောင်ခရီးစဉ် ဒေသ တောင်ဝိုင်းချောင်းအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

            ငါးမျိုးစိုက်ထည့်ပွဲတွင် တောင်ဝိုင်းတောင်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသသို့လာရောက်လည်ပတ်ကြသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက တောင်ဝိုင်းချောင်းအတွင်းသို့ ငါးခုံးမကြီးကောင်ရေ သုံးသောင်းငါးထောင်၊ ငါးမြစ်ချင်း ကောင်ရေ သုံးသောင်းငါးထောင် စုစုပေါင်းငါးကောင်ရေ ခုနှစ်သောင်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

            ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင်ငါးကောင်ရေ (၁၀)သိန်းကို သဘာဝရေပြင်များအတွင်း ငါးမျိုး စိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲရှစ်ကြိမ်ဖြင့် ငါးကောင်းရေ ခြောက်သိန်းကျော်ကို ငါးမျိုးစိုက် ထည့် ပေးခဲ့ပြီးဖြစ်ရာ အဆိုပါငါးများသည် သက်ဆိုင်ရာရေပြင် မြစ်ချောင်းအင်းအိုင်များအတွင်း ရှင်သန်ကြီးထွားပေါက်ပွား ၍ ဒေသခံပြည်သူများ အလွယ်တကူဖမ်းယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

            အလားတူ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြိုကို မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေး သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျှော်စွာဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဘားအံမြို့၊တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ဧရိယာအတွင်း ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

            အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကျောင်းပရိဝုဏ် အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများက စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်သရိုက်များ၊ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး တူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ယန္တရားများအသုံးပြု၍ စုပေါင်းဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် ကျောင်းသား၊ ကျောင်းသူများ စာတွေ့၊လက်တွေ့ သင်ကြား၊သင်ယူမှုပြုနိုင်ရေး ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ဖြည့်တင်းထားသော EFI Trainer Board ၊ Petrol Engine Training Bench၊ 1NR-Fe Engine Control အစရှိသည့် စက်ပစ္စည်းကိရိယာများ ရောက်ရှိနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။