ဘားအံ - ဩဂုတ် (၁၁)
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ရှစ်ဦးက မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လောင်းကစားမှုကင်းစင်ရေး အစရှိ သည့် ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားကြသည်။
ထို့နောက် ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ် အတွင်းရှိမြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေရာ များနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများ တပ်ဆင်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင် စီမံဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ စေတနာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)ဦးညီညီလှိုင်က အဆိုတင်သွင်းရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးခိုင်ထွန်းဦးက ထောက်ခံ တင်ပြဆွေးနွေးပြီး ယင်းအဆိုကို ပြည်နယ်လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော် ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ယင်းအဆိုကို ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။















