ဘားအံ -  ဇူလိုင် (၂၃)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် အထူးသဖြင့်မိုးရာသီတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် အများ အပြားလာရောက်လည်ပတ်ကြပြီး တစ်နှစ်ပတ်လုံးသွားလာလည်ပတ်နိုင်သော ခရီးသွားမြို့တော်ကြီးဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ခရီးသွားများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ဇူလိုင်လ ၂၃ ရက် နေ့  နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပ သည့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။

             သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ရှေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေ မည့်လုပ်ငန်းများကိုရှောင်ရှား၍ ခရီးသွားများလုံခြုံစိတ်ချစွာသွားလာနိုင်ရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျအမှိုက်များ စွန့်ပစ်နိုင်ရေး၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်သည့်ခရီးစဉ်ဒေသများဖြစ်စေရေး၊ ဧည့်ဝတ်ကျေပွန်သော မြို့သူ၊မြို့သား၊ ပြည်နယ်သူ၊ ပြည်နယ်သားများဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ယင်းအစည်းအဝေးတွင် ဆက်လက်တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညီညီဇော်က ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ အာဆီယံတွင်ရရှိခဲ့သော ဆုတံဆိပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသကော်မတီ၏လုပ်ကိုင်ဆောင်ရွက်နေမှု များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ များအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

            ယင်းနောက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံ ခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်ဂူ၊ ဣစ္ဆာသယဂူ၊ ကြာအင်းတောင်၊ ဗုဒ္ဓဂါယာ၊ ဖားပုတောင်၊ လှာကဒေါင်အင်း၊ လှိုင်ကော့ဖျာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာခရီးစဉ်ဒေသများအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည့်အခြေခံအဆောက်အဦလိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ  တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေး မှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။