ဘားအံ - ဖေဖော်ဝါရီ (၂၂)

            ဒေသတွင်းစားသုံးဆီဖူလုံမှုရာခိုင်နှုန်းတိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံနေကြာ အထွက်နှုန်းတိုးတက်ရေး ကို အထောက်အကူပြုနိုင်ရန်အတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ နေကြာဝတ်မှုန်ကူးပွဲတော်ကို ဖေဖော် ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံ မြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်း၌ ကျင်းပသည်။

            ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပြည်နယ်တာဝန်ခံဦးစောကျော်ကျော် လင်း က နေကြာဝတ်မှုန်များသည် လေး၍စေးကပ်သဖြင့် လေဖြင့်ဝတ်မှုန်ကူးရန်အခွင့်အလမ်းနည်းပါးပြီး ပျားများ၏ သဘာဝဝတ်မှုံကူးပေးမှုကြောင့် တစ်ပွင့်ချင်း၏အောင်စေ့အရေအတွက်တိုး၍ နေကြာအထွက်နှုန်းကောင်းစေကာ ပျားရည်ရောင်းချခြင်းမှ တောင်သူအပိုဝင်ငွေရရှိ စေမည်ဖြစ်သည့် နေကြာနှင့်ပျားတွဲဖက်မွေးမြူရေးစနစ် ဆိုင်ရာများ ကို ရှင်းလင်းတင်ပြသည်။

            ထို့နောက် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ဘားအံခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ဆီထွက်ရှိမှုနှင့် စားသုံးဆီဖူလုံမှုရာခိုင်နှုန်းတိုးတက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းနိုင်သည့်နေရာများတွင် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် မှာကြားသည်။

            ယင်းနောက် ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးမှူးက နေကြာဝတ်မှုန်ကူးပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများသည် လူဖြင့်နေကြာဝတ်မှုန်ကူးရာတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများကို ကြည့်ရှု စစ်ဆေးကာ ဒေသခံနေကြာစိုက်တောင်သူများနှင့်အတူ နေကြာအဖိုပင်မှ ပန်းဝတ်မှုံများကို လူအကူအညီဖြင့် ဝတ်မှုန် ကူးမည့်အထောက်အကူပစ္စည်းများအသုံးပြု၍ အမလိုင်းရှိနေကြာပွင့်များသို့ ဝတ်မှုံကူးပေးခြင်းကို စုပေါင်းဆောင်ရွက် ခဲ့ကြကာ နေကြာဝတ်မှုန်ကူးပွဲတော်သို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့သည်။ 

             ဆက်လက်၍ တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနည်းစနစ်များ၊ အကျိုးရလာဒ်များကို လေ့လာမှတ်သားနိုင်ရန်နှင့် ကိုယ်တိုင်လယ်ယာမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရေးအတွက် ကရင်ပြည်နယ် စက်မှု လယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာ ကွင်းအမှတ် ၁၁၂၈/၁၂၂၇ W ရှိ  တောင်သူဦးအောင်ဝင်းပါ ၇ ဦး၏  ဆင်းသုခ တစ်ကွင်းတစ်ဆက်တည်း ဧက ၁၀၀ နွေစပါးစိုက်ခင်း၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်လာ စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများကို တောင်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးလျက် ရှိသကဲ့သို့ လူ/တိရစ္ဆာန်များ၏နေရာတွင် စက်ကိရိယာများအစားထိုးအသုံးပြုနိုင်ရေးအတွက် လယ်ယာမြေဖော်ထုတ် ခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းစသည့် လုပ်ငန်းများကိုကျေးရွာအလိုက် နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့်အခွင့်အရေးကာကွယ်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်အားပေးကူညီသွားမည်ဖြစ်သကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း မိမိဒေသ၊ မိမိ ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရန် ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် နွေစပါးစိုက်တောင်သူတစ်ဦးက ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ကော့သံခါကျေးရွာအုပ်စုရှိ နွေစပါးစိုက်တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ၂၀ အိတ်နှင့် သဘာဝ မြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တက်ရောက်လာသော တောင်သူကုန်း၊ ဖဲကဒါ၊ ဖအွံ၊ ဖအွံကော့ကျိုက်၊ ထုံးအိုင်၊ ရွှေတော၊ ကော့သံခါ၊ ဝင်းကျန် ကျေးရွာများမှတောင်သူများနှင့်အတူ ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ကူဘိုတာခြောက်တန်းသွား ကောက်စိုက်စက်(၃)စီး၊ လက်ဆွဲကောက်စိုက်စက်(၁)စီးတို့ဖြင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ် ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။ 

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သံခါကျေးရွာအုပ်စု၊ကော့ဒွန်းကျေးရွာ၌ ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးစီမံဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။