ဘားအံ - ဒီဇင်ဘာ (၁၇)

            စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း နှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ ကျောင်းသား၊ကျောင်းသူ(၄၂၇)ဦးနှင့်မွေးမြူရေးဒီပလိုမာလက်မှတ်ရကျောင်းသူ(၁)ဦးကို စိုက်ပျိုးမွေးမြူရေး နယ်ပယ်အတွက် အင်အားသစ်များမွေးထုတ်ပေးနိုင်ခဲ့ပြီး ဒီပလိုမာအပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့မယ်တို့အနေဖြင့် ဒီပလိုမာနှင့်ရောင့်ရဲမနေဘဲ B.Ag, M.Phill, M.Ag.Sc နှင့် Ph.D ဘွဲ့များရရှိအောင် ကြိုးစား ကြစေလိုပြီး သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေး(သို့မဟုတ်)မွေးမြူရေးပညာဖြင့် မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တောင်သူများ၏ဘဝကိုမြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြော ကြားသည်။

            ထို့နောက် ကျောင်းအုပ်ကြီးဦးထွန်းထွန်းလင်းက လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၅၅ ဦးနှင့် အဝေးရောက်ဒီပလိုမာရယူသူ ၈ ဦး၊ အဝေးရောက်မွေးမြူရေးဒီပလိုမာအောင်လက်မှတ်ရယူသူ(၁)ဦး စုစုပေါင်း ၆၄ ဦးကို စဒီပလိုမာအောင်လက်မှတ် အပ်နှင်းပြီး အပ်နှင်းပြီးသောဒီပလိုမာစာရင်းကို ကျောင်းအုပ်ကြီးကလက်မှတ်ရေးထိုးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှနောက်ဆုံးနှစ်ထိ(၃)နှစ်ဆက်တိုက်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်းမြွတ်ကြား ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဒီပလိုမာအောင်လက်မှတ်ရယူသူများနှင့်၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပါသည်။