ဘားအံ - ဇူလိုင် (၂၉)
ကရင်ပြည်နယ်အတွင်း ဈေးကွက်ဝင် ပဲပုတ်သီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် ပဲပုတ်မှ ဆီနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထွက်ရှိစေရန် ဇူလိုင်လ ၂၈ ရက်နေ့နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးခန်း၌ တာဝန်ရှိသူများနှင့်ပဲပုတ်စိုက်တောင်သူများ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်က ပဲပုတ်စိုက် တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး လမ်းညွှန်ခဲ့ပြီး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်ပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ ၊ အစုအဖွဲ့ဖြင့် ဈေးကွက်ရှာဖွေနိုင်ကာ အကျိုးအမြတ် ပိုမိုရရှိစေမည့် အခြေအနေများ ၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ပဲပုတ်မျိုးများကို ပိုးမွှားများ၊ မှိုများမတက် စေရန် ဂရုတစိုက် ထိန်းသိမ်းရန်နှင့် မိုးအကုန် ဆောင်းရာသီ အကူးအပြောင်းတွင် အချိန်ကိုက် စိုက်ပျိုးပြီး ပဲပုတ်ဆီ အပြင် ပဲပြား၊ ပဲပိစပ်စသည့် တန်ဖိုးမြှင့်စားသောက်ကုန်များပါ တိုးချဲ့ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သောချေးငွေ၊ စက်ကိရိယာ ပံ့ပိုးဖြည့်ဆည်းပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးအတွက် လိုအပ်သောမျိုး၊ သွင်းအားစုများနှင့် အထောက်အပံ့များ လွယ်ကူချောမွေ့စွာ ရရှိနိုင်စေရန်အတွက် တောင်သူများစုပေါင်း၍ သမဝါယမစနစ်ဖြင့်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။















