ဘားအံ - ဩဂုတ် (၁၅)
ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်၍ ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘားအံ မွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာတွင် တိုက်တွန်းပြောကြားသည်။
ဘားအံမွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်၍ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်ဖော်ဆောင်၍ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက ဇုန်အတွင်းမွေးမြူထားရှိမှုနှင့်ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံရေး၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ကြရန် မွေးမြူရေးတောင်သူများအား တိုက်တွန်းပြောကြားပြီး ဇုန်ကော်မတီနှင့်မွေးမြူရေးတောင်သူများက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများ၊ လိုအပ်ချက်များနှင့် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ် များကိုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမွေးမြူရေးဇုန်အတွင်းရှိ တောင်သူဒေါ်နန်းဝင်းဌေး၏ အသားတိုးဝက် (၇၂)ကောင် မွေးမြူရေးခြံ၊ တောင်သူနန်းဆုသီရိစံ၏ ဒေသဆိတ် ၇၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးမျိုးသန့်နိုင်၏ ဒေသဆိတ် ၂၅၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးကျော်မြင့်၏ Brahman ဘရာမန်အသားစားနွားနှင့် Charolais ရှာရိုးလေးနို့စားနွား ၄၂ ကောင်မွေးမြူရေးခြံနှင့်တွဲဖက်၍ Saanen ဆွစ်ဇာလန်နို့စားဆိတ်မျိုးစမ်းသပ်မွေးမြူထားရှိမှု၊ တောင်သူစောခင်ကျော်ဦး၏ ဒေသကြက် ၁၀၀၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးသိန်းမြင့်၏ တိရစ္ဆာန်အစာ မြက်မျိုးများစိုက်ပျိုးထားရှိမှုအခြေအနေ၊ ယင်းမွေးမြူရေးဇုန်အတွင်းမှထွက်ရှိသည့် တိရစ္ဆာန်အညစ်အကြေးနှင့်စွန့်ပစ်ပစ္စည်းများကိုအသုံးပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်သည့် ဩဇာမင်းသဘာဝမြေဩဇာစက်ရုံတို့ကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ ကွင်းအမှတ်-၁၁၆၇ ရှိ တောင်သူဦးရွှေမြား၏ မိုးစပါး(RS-CS)မျိုးစေ့ထုတ်စံပြစိုက်ခင်း(၄)ဧကအတွင်း ဖြုတ်ပိုးကျရောက်မှုအား ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်ဒေသခံတောင်သူများပူးပေါင်း၍ VITAGRO 50 CE (ဗိုက်တာဂရို ၅၀စီအီး) ရေဖျော်ပိုးသတ်ဆေးကို ဆေးဖြန်းပုံးအသုံး၍ ဆေးဖြန်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ဆက်စပ်စိုက်ခင်းများတွင် ပိုးသတ်ဆေးပက်ဖြန်း နိုင်ရေး တောင်သူများအား VITAGRO 50 CE (ဗိုက်တာဂရို ၅၀စီအီး)ပိုးသတ်ဆေးဗူးများကို အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ပေါ်ပေါက်သက်ရောက်မှုရှိနိုင်သဖြင့် ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာ၊ ကွင်းအမှတ် ၁၁၈၇ ရှိ ရေကျနောက်စိုက် မိုးစပါးဧက ၁၀၀ ကျော် စိုက်ပျိုးနိုင်ရေး ပျိုးခင်းများပျိုးထောင်နိုင်ရန် စုပေါင်းထွန်ယက်နေမှုကို ကြည့်ရှုအားပေးပြီး တောင်သူတင်ပြသည့် စက်သုံးဆီနှင့်လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။















