ဘားအံ - မေ (၉)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လာမည့်ဇွန်လတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကြတော့မည် ဖြစ်ရာ ယခင်နှစ် ပြည်နယ်အတွင်းဖွင့်လှစ်နိုင်ခြင်းမရှိသော ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည်များ အားကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း၊ ယခင်နှစ်ကဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သည့် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဖွင့်လှစ်နိုင်သည့် ကျောင်းများတွင်လည်း အောင်မြင် စွာ သင်ကြားပို့ချနိုင်ရေး လိုအပ်သည့် စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်မှုရှိစေရေးအတွက် ဆရာ/မများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ နှင့်တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးနှင့်မိလ္လာများ ပြည့်စုံကောင်းမွန်ရေးနှင့် လုံခြုံရေးအစီအစဉ်များရေးဆွဲဆောင် ရွက်ထားကြ စေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားများ ကျင်းပ၍ ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်ရေး ဆော်ဩပေးကြစေလိုကြောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ပြည်နယ်အတွင်းပြန်လည်ဖွင့်လှစ်မည့် ကျောင်းများနှင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့်ကျောင်းများကို ဆွေးနွေးတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေး မှူးဦးစသိန်းကျော်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများစာရင်း၊ ဆရာ/ကျောင်း သားအချိုး၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကသက်ဆိုင်ရာခရိုင်များအလိုက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။