ဘားအံ - ဖေဖော်ဝါရီ (၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ တရုတ်လှ တိုက်နယ်ဆေးရုံ၌ ကျင်းပသည်။

            သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျန်းမာရေးစောင့်ရှောက်မှုအနည်းငယ်သာ ရရှိပြီး လက်လှမ်းမမှီသည့်ကျေးလက်တောရွာဒေသများတွင် ပဏာမကျန်းမာရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေး လုပ်ငန်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပြီး အရန်သားဖွားဆရာမလေးများ အနေဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ မီးဖွားပြီးပြုစုစောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစ ကလေးတို့၏ အန္တရာယ်လက္ခဏာများကို အဓိကထားသင်ကြားရမည်ဖြစ်ကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လူနာလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းများစသည့် ကျန်းမာရေးလုပ်ငန်းများကိုတတ်မြောက်သည့်အထိ သေချာစွာ လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ သေသေချာချာလုံ့လစိုက်ထုတ်၍ သင်ခန်းစာများကိုကြေညက်စွာ လေ့လာကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ(၂၀)ဦးအတွက် ကုန်ကျစရိတ်(၆)လစာ ၂၇၆၀၀၀၀၀(ကျပ်နှစ်ရာခုနှစ်ဆယ့်ခြောက်သိန်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။

            ထို့အတူ ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲ၊ မြဝတီ၊ ကမမောင်း(ဖာပွန်)မြို့နယ်များတွင်လည်း အရန်သားဖွား (၆)လသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံတက္ကသိုလ်၊ ငုရွှေဝါနယ်မြေ၊ ပင်မဆောင်ရှေ့၌ ကျင်းပသော တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်ကို တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး ဈေးရောင်းပွဲတော်တွင် ဘားအံတက္ကသိုလ်မှ ဌာန ၁၄ ခု၏ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း တိုင်းရင်း သားရိုးရာအစားအစာများရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ များ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြု ဆုငွေများအသီးသီးပေးအပ်ခဲ့ကြသည်။

            အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အကျဉ်းဦးစီးဌာန ဝန်ထမ်း/မိသားစုများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၄ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တာဝန်ကျေပွန်စွာထမ်းဆောင်ကြသည့် အကျဉ်းဦးစီးဌာန ဝန်ထမ်း/မိသားစုများ စားဝတ်နေရေးအဆင်ပြေစေရန် တတ်အားသရွေ့ ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပြီး အခါအားလျှော်စွာထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားလပ်ချိန်များတွင် မီးဖိုချောင်အသုံးစရိတ်ကာမိစေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တာဝန်ထမ်းဆောင်ကြစေလိုပြီး လိုအပ်သည် များနှင့်အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ အချိန်အခါမရွေးတင်ပြနိုင်ပါကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းဦးစီးဌာန ဝန်ထမ်း/မိသားစုများအား ဆန်နှင့်ဆီများကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က ကြက်ဥများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ယနေ့ထောက်ပံ့ပေးအပ်ပွဲတွင် စုစုပေါင်းငွေကျပ် ၄၉၂၁၉၅၀ (လေးဆယ်ကိုးသိန်းနှစ်သောင်းတစ်ထောင် ကိုးရာငါးဆယ်)တန်ဖိုးရှိ ဆန် ၅၇ အိတ်၊ ဆီ ၈၅ ပိဿာ၊ ကြက်ဥ ၁၇၁၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။