ဘားအံ - ဇန်နဝါရီ (၁၂)
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ သံလွင် မြစ်ကမ်းနား၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
အဆိုပါလှေလှော်ပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ်(၉)ခုမှ လှေလှော်အသင်း(၉)သင်း အားကစား သမားပေါင်း ၂၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား/အမျိုးသမီး နဂါးလှေ (၂၀)တက် လှော်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၅) တက်လှော်နှင့် (၇) တက်လှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားပြည်သူများနှင့်အားကစားဝါသနာ ရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင်ပူးပေါင်းပါဝင် ကူညီပေးကြသော ရေပြင်သက်ကယ်အဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက နှစ်သိမ့်ဆုရရှိသော လှေလှော်အသင်းများ၊ အမျိုးသား၊ အမျိုးသမီး (၅)တက်လှော်၊(၇)တက်လှော်နှင့် နဂါးလှေ(၂၀)တက်လှော်ပြိုင်ပွဲတို့တွင် ဆုရရှိသောလှေလှော်အသင်း များအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တို့က နဂါးလှေ(၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော အမျိုးသား/အမျိုးသမီး မြို့မတိုက်နယ်လှေလှော်အသင်း တို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်စီနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲ (ဒုတိယည)ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ကပြဖျော်ဖြေမှု၊ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေမှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ကရင်ရိုးရာယဉ်ကျေးမှုတူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အလားတူ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်ထောင်စုနေ့မတိုင်မီ အထိမ်းအမှတ်ဖွင့်ပွဲ များ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ၍ စည်ကားသိုက်မြိုက်စွာနှင့်အနှစ်သာရပြည့်ဝစွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဘောလုံး၊ ဘော်လီဘော၊ ရိုးရာလက်ဝှေ့အစရှိသော အားကစားနည်း(၉)နည်း၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲနှင့်ပဒေသာကပွဲတို့ပါဝင်မည်ဖြစ်ပြီး အောင်အောင်မြင်မြင် ပြီးမြောက်အောင်မြင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။