ဘားအံ - ဇန်နဝါရီ (၁၀)
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ သံလွင်မြစ်ကမ်းနား၊ ညဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ်ရှိ တိုက်နယ်(၉)ခုမှ ပြိုင်ပွဲဝင်အသင်း(၉)သင်း၊ အားကစားသမားပေါင်း ၂၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားပြိုင်ပွဲများမှတဆင့် တစ်ဦး နှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုများတိုးပွားလာကာ အချင်းချင်းကူညီရိုင်းပင်းဖေးမစောင့်ရှောက်မှုများကိုရရှိလာ စေနိုင် မည်ဖြစ်သည့်အတွက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခု ကျင်းပသည့်လှေလှော်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းဘောင်အတွင်းမှနေ၍ မိမိတို့ကိုယ်စားပြုအသင်းများ အနိုင်ရရှိအောင် ရွက်ကုန်တက်ကုန်အားကြိုးမာန် တက် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲအားစတင်ကျင်းပသည်။
ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲတစ်ခုဖြစ်သော အမျိုးသား/အမျိုးသမီး (၂၀)တက်လှော်ပြိုင်ပွဲတို့တွင် အမျိုးသား/အမျိုးသမီးအားကစားသမားပေါင်း ၂၂၅ ဦး တို့၏ သံလွင်မြစ်အတွင်း အားကြိုးမာန်တက်ယှဉ်ပြိုင်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပသည့်လှေလှော်ပြိုင်ပွဲကို ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ နှစ်ရက်ကြာကျင်းပသွားမည် ဖြစ်ပြီး ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကိုကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသည့် လှေလှော်အသင်းများအား ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့နေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူ များအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံမြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက် (၁၀) ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ စုစုပေါင်းအိမ်ထောင်စု ၂၅၂၈ စု၊ လူဦးရေ(၁၀၁၁၈)ဦးတို့အား ဆန်(၈၄၂)အိတ် (၁၆)ပြည်၊ ဆီ(၂၅၂၈)လီတာ၊ ခေါက်ဆွဲခြောက် (၂၅၂၈)ဖာ တို့ကိုထောက်ပံ့ပေးခဲ့ပြီး သာမညကျေးရွာ အုပ်စုရှိ နေရပ်စွန့်ခွာ အိမ်ထောင်စု(၃၃၈)စု၊ လူဦးရေ(၁၃၀၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၂၇၄၄၇၀၀)ကျပ် ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယာယီနေထိုင်သည့်ကာလအတွင်း တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာရေးဂရုစိုက်ကြရန်၊ အတူစုစည်းနေထိုင်ကြသူအချင်းချင်း အေးအေးချမ်းချမ်း စုစုစည်းစည်းနေထိုင်ကြရန် တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုကိုနာခံကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဒီဇင်ဘာလ ၁၂ ရက် နေ့နှင့် ဇန်နဝါရီလ ၁ ရက် နေ့တို့တွင် ဘားအံမြို့နယ်အတွင်းသို့ ထပ်တိုးရောက်ရှိ လာသော အိမ်ထောင်စု(၁၄၀)စု၊ လူဦးရေ ၆၀၈ ဦးအား ဆန် (၄၆ အိတ် ၁၆ ပြည်)၊ ဆီ ၁၄၀ လီတာနှင့် ကြက်ဥ ၁၄၀၀ လုံးကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ကျောင်းနေအရွယ်ကလေးငယ် များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။