ဘားအံ - ဇန်နဝါရီ (၁၁)

            နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင် ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

            ဦးစွာ ရောင်နီလာချိန် နံနက် ၆ နာရီခန့်တွင် ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်နေရာတွင် နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကိုသယ်ဆောင်လာကြကာ ကရင်နှစ်သစ်ကူးနေ့အလံတင် အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်သည်။

            ထို့နောက် သဘာပတိ ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့လွင့်ထူပေးရာ ကရင်အမျိုးသားအပေါင်းတို့က ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆိုကြပြီး ကရင် အမျိုးသားအလံအားအလေးပြုကြကာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်လေးများက ကရင်အမျိုးသားအလံတော် သမိုင်းကြောင်းအကျဉ်းကို (ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာတို့ဖြင့်) ဖတ်ကြားသည်။

            ယင်းနောက် နံနက်(၇)နာရီတွင် ကရင်သက္ကရာဇ်(၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျွဲချိုမှုတ်၍ဖားစည်တီးကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး သဘာပတိ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်နှင့်သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြကာ အခမ်းအနားသို့တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူဧည့်သည်တော်အပေါင်း တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

            ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှပေးပို့သည့်သဝဏ်လွှာကို အခမ်းအနားအကြီးအမှူးသဘာပတိ ကဖတ်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး Jeng Phang နော်တောင် ထံမှပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဖတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ပြီးခဲ့သောသင်ခန်း စာများကိုယူပြီး တစ်ဦးနှင့်တစ်ဦးသံသယမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တွဲလက်ညီညီဖြင့်ပူးပေါင်း ပါဝင်ကြရန်၊ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးခရီးလမ်းကို တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက တွဲလက်ခိုင်ခိုင်မြဲမြဲဖြင့် ဆက်လက်လျှောက်လှမ်းကြရန်လိုအပ်ကာ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူ များငြိမ်းချမ်းစွာနေထိုင်နိုင်ရန် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ ရေရရှိရေး၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကဏ္ဍမြှင့်တင်ရေး အစရှိသည့်ကဏ္ဍများ ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်သစ်ကိုပျော်ရွှင်စွာဆင်နွှဲ၍ ကရင်ပြည်နယ်ကြီးနှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် ငြိမ်းချမ်းသာယာပါစေကြောင်း၊ ဘေးဘယကင်းကွာ၍ ကျန်းမာချမ်းသာရှိကြပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း စကားပြောကြားသည်။

            ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လူငယ် မောင်မယ်များက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့်ဖတ်ကြားကြပြီး တွဲဖက်အခမ်းအနား မှူးက ကရင်ပြည်နယ်ရှိဂုဏ်ပြုခံအထင်ကရသက်ကြီးကရင်အဘိုး၊အဘွားများ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြား တင်ပြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဂုဏ်ပြုခံအထင်ကရသက်ကြီး ကရင်အဘိုး၊အဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ကြသည်။

            ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင်ကရင်တေးသီချင်းဖြင့် သီဆိုရုပ်သိမ်းပြီး ဖီးဗူးယော်(ရိုးရာကောက်သစ်စားပွဲတော်)ကို ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)မြို့မိမြို့ဖ ဦးဇော်မင်း၊ ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ(ငြိမ်း)မြို့မိမြို့ဖဦးစောအောင်ပွင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဖီးဗူးယော် ကောက်သစ်စားပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ငြိမ်းချမ်းရေးချိုးငှက်များ ဘေးမဲ့လွှတ်ပေးခဲ့ ကြသည်။

            ထို့နောက် ဖီးဗူးယော်ကောက်သစ်စားပွဲတော်ကို ဆက်လက်ကျင်းပရာ ကရင်အဘိုး၊ အဘွားများနှင့် ကရင်တိုင်းရင်သားလူငယ်မောင်မယ်များက ဖီးဗူးယော်(ခေါ်)စပါးစောင့်နတ်သမီးကို ဖိတ်ခေါ်ပင့်ဆောင်ရာတွင် ပွဲတော်အကြီးအမှူးအဖွားတစ်ဦးက လယ်ယာများလုပ်ကိုင်ပြီးကြ၍ ကျွန်ုပ်တို့၏လယ်ယာများကိုသီးနှံများအောင်မြင် စွာအထွက်တိုးလာအောင် စောင့်ရှောက်ပေးသည့် ဖီးဗူးယော်၊ ဆောင်းဦးရာသီရောက်ချိန် ကောက်နှံစပါးများရင့်မှည့် လာပြီး စပါးရွက်များခြောက်လာသည့်အခါဖီးဗူးယော်သည်တစ်နှစ်တာအတွက် ကျွန်ုပ်တို့၏လယ်ယာကိုစောင့်ရှောက် ပေးသည့်တာဝန်ပြီးဆုံး၍ နေရပ်ဌာနသို့ပြန်သွားပါပြီ၊ အချိန်တန်၍ ပြန်လည်ထွက်ခွာသွားသည့် ဖီးဗူးယော်ကို ကျွန်ုပ်တို့လွမ်းဆွတ်တမ်းတကြရပါသည်၊ နောက်နှစ်အတွက်လယ်ယာကိုစတင်ထွန်ယက်ချိန်ရောက်လျှင် ကျွန်ုပ်တို့၏ လယ်ယာကိုစောင့်ရှောက်ရန် ပြန်လာလှည့်ပါဖီးဗူးယော်၊ ကျွန်ုပ်တို့အသင့်ပြုလုပ်ထားသော ကောက်သစ်ဆန်ဦးများကို စားသောက်လှည့်ပါဖီးဗူးယော် ဟု ကရင်ဘာသာဖြင့်သီဆိုပူဇော်၍ အခမ်းအနားမှူးက ကောက်သစ်စားပွဲ အကြောင်းရှင်းလင်းတင်ပြကာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်ဆုတောင်းတေးသီးချင်းများ စုပေါင်းသီဆို၍ ကရင်လူမျိုးတို့၏ ရှေးခေတ်ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ်စားပွဲကို ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့်ကရင်အမျိုးသားအပေါင်း တို့က တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်၍ ကောက်သစ်စားပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် စတုဒီသာမဏ္ဍပ်တွင် တိုင်ရင်းသားပြည် သူများနှင့်အတူ နံနက်စာကို သုံးဆောင်ခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကရင် အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုပြခန်း၊ ဗမာ၊ မွန်၊ ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် MSMEs အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကရင်ကျောင်းသားများရိပ်သာတွင်ကျင်းပသည့်ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၃)သိန်း နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

            အလားတူ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များ၏ကပြဖျော်ဖြေမှု၊ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေမှု၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ကရင်ရိုးရာယဉ်ကျေးမှုတူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။