ဘားအံ - မေ (၁၂)
ကျောင်းနေအရွယ်ကလေးအားလုံးအခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ် ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများနှင့်အတူစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ ပြည်နယ် GYM နှင့် စာပွဲတင်တင်းနစ်အားကစားခန်းမအနီးတွင် ကရင်ပြည်နယ်လူငယ်ရေးရာစင်တာ ၁၄၀ ပေ x ၈၀ ပေ RC (၃)ထပ် အဆောက်အဦတည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အဆောက်အဦဆောက်လုပ်မည့်အခြေအနေများအား ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦတည်ဆောက်မည့်မြေနေရာ၊ ပတ်ဝန်ကျင်ရှိအဆောက်အဦများနှင့် လိုက်လျောညီထွေမှုရှိသော တည်ဆောက်ရေးအစီအမံများကို ပြန်လည်ရေးဆွဲတင်ပြရန် မှာကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် GYM နှင့် စားပွဲတင်တင်းနစ်အားကစားခန်းမတွင် အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ် မူးကဝါကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းစာသင်ဝိုင်းတွင် နည်းပြ၊ကြီးကြပ်များမှ အသက်(၁၅)နှစ် နှင့်အထက် သက်ကြီးစာမတတ်သူများ စာသင်သား (၂၁)ဦးအား အခြေခံစာတတ်မြောက်ရေးအတွက် ဘာသာရပ် များအလိုက် ထိရောက်သော နည်းစနစ်များဖြင့်စေတနာ အရင်းခံ၍ စိတ်အားထက်သန်စွာ သင်ကြားသင်ယူနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကာ စာသင်သားများအား အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြပါသည်။