ဘားအံ - ဇန်နဝါရီ (၂၉)

            ကရင်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးရေး၊ စစ်ဆေးအရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၁/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

            အစည်းအဝေးတွင်  ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းသာမက ယာဉ်မတော်တဆမှုများမဖြစ်စေရေး ကြိုတင်ကာကွယ်သည့်နည်းလမ်းများကို ပိုမိုအလေးထားရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေး၊ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် ဆုံးဖြတ် ချက်များနှင့်လုပ်ငန်းစဉ်များကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ခရိုင်/မြို့နယ်အလိုက် အကြံပြုဆွေး နွေးတင်ပြ၍ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်း က ပြည်နယ်အတွင်းယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကြပ်မတ်ထိန်းသိမ်းမှု၊ လအလိုက် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှု နှိုင်းယှဉ်ချက်၊ Quick Win အစီအမံ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တွဲဘက် အတွင်းရေးမှူးက ကရင်ပြည်နယ်အတွင်း ၃ နှစ်တာကာလ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရသေဆုံးမှုအခြေအနေများနှင့် လျော့နည်းကျဆင်းလာသည့်အခြေအနေ၊ မြို့ပြအင်္ဂါရပ်နှင့်မညီသောယာဉ်အိုယာဉ်ဟောင်းများ၊ ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြ ရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

              ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။