ဘားအံ - ဩဂုတ် (၁၇)

            ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံ နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးရန် သစ်တောဦးစီး ဌာနမှ လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော သစ်မျိုးစုံ ၂၂၂၁၈၅ ပင်ကို စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊အမှတ်(၁)၊ တန်(၉၀၀) ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေးတွင်ကျင်းပသည့် မိုးရာသီ(ဆဋ္ဌမအကြိမ်)သစ်ပင်စိုက်ပွဲမှ သိရသည်။

            ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ၂၀၂၄ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်စိုက်ပျိုးခြင်း၊ တစ်ရွာ(၂)ဧကကျေးရွာပိုင်စိုက်ခင်းထူထောင်ခြင်း၊ ဌာနဆိုင်ရာတပ်ရင်းတပ်ဖွဲ့များသို့ဖြန့်ဝေစိုက် ပျိုးခြင်း၊ ဒေသခံပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယနေ့သစ်ပင်စိုက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သစ်တောသစ်ပင်များသည် သဘာဝကပေးသော တန်ဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်ပြီး စီးပွားရေးအရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း များစွာအကျိုးကျေးဇူးပေးသည့်အတွက် ယခု ကဲ့သို့ သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းပေးခြင်းအားဖြင့် နောင်လာနောင်သားများအတွက် အဖိုးထိုက်တန်လှသည့် သဘာဝအမွေအနှစ်များ လက်ဆင့်ကမ်းပေးအပ်ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁)တန်(၉၀၀)ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတစ်ဦးထံ သစ်ပင် များကိုဖြန့်ဝေပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပိတောက်၊ ကျွန်း၊ မဟော်ဂနီ အစရှိသော သစ်မျိုးစုံ ၁၀၈၂ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါးစုပေါင်းစိုက်ပျိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)ဘိလပ်မြေစက်ရုံ(မြိုင်ကလေး)၏ ထုတ်လုပ်မှု အခြေအနေ၊ ထုတ်လုပ်သည့်ဘိလပ်မြေအမျိုးအစားနှင့်စံချိန်စံညွှန်း၊ 24 Hour Mining & industry Co.,Ltd မှ တန်(၉၀၀)ဘိလပ်မြေစက်ရုံအား တန် ၁၅၀၀ သို့အဆင့်မြှင့်တင်မည့်အစီအမံများ၊ သံလွင်မြစ်ကမ်းတွင် ဆိပ်ခံ(၁)ခု တည်ဆောက်၍ တန်-၅၀၀၀ ကျ ဘိလပ်မြေစက်ရုံအသစ်တည်ဆောက်မည့်အစီအစဉ်များနှင့် ဘိလပ်မြေအရည် အသွေးစစ်ဆေးရေးဌာန၌ ဘိလပ်မြေစံချိန်စံညွှန်းပြည့်မီ ရေးစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။