ဘားအံ - မေ (၂၄)

            ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေပြေကျေပြီးသော တောင်သူများသို့ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခင်နှစ် ၂၀၂၃ ခုနှစ်တွင် ထုတ်ချေးပေးခဲ့သော စိုက်ပျိုးစရိတ်ချေးငွေများ သည် (၉၅ ဒဿမ ၁၈)ရာခိုင်နှုန်းခန့်ပြေကျေနေပြီဖြစ်၍ ကြွေးကျန်မရှိ ရာနှုန်းပြည့်ပေးဆပ်ပြီး စိုက်ပျိုးစရိတ်များ အချိန်မီထုတ်ယူကြစေလိုကြောင်း၊ ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုလည်း သတ်မှတ်ကာလအတွင်းအချိန် မီထုတ်ချေးပေးကြရန်နှင့် တောင်သူများမှလည်းသီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် အပြည့်အဝပြန်လည်ပေးသွင်းကြရန်နှင့် ချေးငွေရယူသည့်တောင်သူတိုင်း သီးနှံအာမခံထားရှိရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

            ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပြည်နယ်မန်နေဂျာက ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်တာဝန်ခံက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်သံယံဇာတရေးရာဝန်ကြီးတို့က ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ(၄)ဦးထံ ပေးအပ်ပြီး ကရင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာက တောင်သူ(၁)ဦးထံ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပြည်နယ်မန်နေဂျာက မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်တာဝန်ခံ ထံသို့ ရာသီဥတုအညွှန်းကိန်းသီးနှံ အာမခံကြေးကို ပေးအပ်သည်။

            ထို့နောက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်မှုနှင့်ပတ်သက်၍ တောင်သူတစ်ဦးကကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ချေးငွေထုတ်ချေးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယနေ့ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲတွင် ဘားအံခရိုင်ရှိ ကျေးရွာအုပ်စု(၆)အုပ်စု၊ တောင်သူဦးရေ(၁၀၁)ဦး ၏ စိုက်ဧက ၆၈၃ ဧကအတွက် ချေးငွေပမာဏစုစုပေါင်း ၁၀၂၄ ဒဿမ ၅၀ ကျပ်သိန်းကို ထုတ်ချေးပေးခဲ့ပြီး ပြည်နယ် တစ်ခုလုံးအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ၂၃၆၂၂ ဒဿမ ၀၀ ကျပ်သိန်း ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

            အလားတူ ပညာရေးဝန်ကြီးဌာန၊ဆရာအတတ်ပညာဦးစီးဌာန၊ဘားအံပညာရေးဒီဂရီကောလိပ်၏ တိုင်းရင်း သားဘာသာစာပေသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးအထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)ဖွင့်ပွဲ အခမ်း အနားကို မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

            သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားစာပေသင်ဆရာ၊ဆရာမများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်လာကြမည့်သူများဖြစ်သည့်အတွက် နိုင်ငံတော်မှချမှတ်ထားသည့် ဝန်ထမ်းစည်းကမ်း ဥပဒေများအတိုင်းလိုက်နာကျင့်သုံးနေထိုင်သွားကြစေလိုပြီး ဆွေးနွေးပွဲကာလကိုလည်းပြီးမြောက်အောင်မြင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ မိမိတာဝန်ကျရာဒေသသို့ ပြန်ရောက်သည့်အခါ တိုင်းရင်းသားကလေးသူငယ် များကို စာရိတ္ထမဏ္ဍိုင်ဖွံ့ဖြိုးသော၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ်နိုးတတ်သော၊ ဂါရဝတရားကိုင်းရှိုင်းတတ်သောသူ များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အရည်အသွေးမြှင့်အထောက်အကူပြု ပို့ချချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် (၁၅၈)ဦးအတွက် ငွေကျပ် (၃၁)သိန်း(၆)သောင်းကို ထောက်ပံ့ချီးမြှင့်ရာ တိုင်းရင်းသား ဘာသာစာပေသင်ဆရာတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများက တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများအား ရင်းနှီးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမဦးရေ(၁၅၈)ဦးက မေလ ၂၀ ရက်နေ့မှ (၂၉)ရက်နေ့ထိ (၁၀)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။