ဘားအံ - စက်တင်ဘာ (၈)

            ကရင်ပြည်နယ်အတွင်း မူလတန်းပညာရေးကို ပြီးဆုံးအောင်မသင်ကြားနိုင်ခဲ့သော ကလေးများအား အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)အရ မြို့နယ်(၄)မြို့နယ်တွင် ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်း အနားမှ သိရသည်။

            အဆိုပါ အခမ်းအနားကို “ကမ္ဘာမြေနှင့်လူသားများသာယာဝပြောဖို့စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူ့ဘောင်အဖွဲ့အစည်းတိုးတက်မြင့်မားစေရန် ပညာရေးသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေပြီး ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းနေရေးနှင့်ကျောင်းနေမြဲရေးသည် အဓိက ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကာ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ တွင် သင်ကြားသင်ယူမှုကိုဆောင်ရွက်နေကြသော ဆရာ၊ဆရာမများအနေဖြင့် ပညာရည်မြင့်မားရေးကို အလေးအနက်ထား ၍ ကြိုးစားသင်ကြားပေးကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ကာ ကရင်ပြည်နယ်အတွင်း ကျောင်းပြင်ပပညာရေး လုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်တို့တွင် မူလတန်းကျောင်းပြင်ပပညာရေးသင်ကြားသည့်စခန်း(၁၅)ခုနှင့် အလယ်တန်းကျောင်းပြင်ပပညာ ရေး သင်ကြားသည့်စခန်း(၅)ခုတို့၌ စုစုပေါင်းပညာသင်ကြားသူ (၁၂၅၅) ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

            အလားတူ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက်ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏သဝဏ်လွှာကို ပြည်နယ် ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးကဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နိုင်ငံတကာစာတတ်မြောက် ရေးနေ့အထိမ်းအမှတ် အထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင် ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများက ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ပေးပို့လာသော စာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်း Video ကို အတူတကွကြည့်ရှုခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီလက်ရာများကို ကြည့်ရှုအားပေးခဲ့ပါသည်။