ဘားအံ - ဇူလိုင် (၂၉)
ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေး ပစ္စည်းလေးပါးအဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးရည်မှန်း၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်၊အလှူရှင်များစုပေါင်း၍ ဝါဆိုလပြည့် (ဓမ္မစက်ြာအခါတော်နေ့) ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး ၏ (၃၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဆင်ယင်ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ ကျက်သရေဆောင်သေဋ္ဌမာရ်အောင်ဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်း ဝါဆိုဖယောင်းတိုင်အားမီးထွန်းညှိပူဇော်ပြီး သေဋ္ဌမာရ်အောင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင် ဒေသများမှ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်မှ ဘုန်းတော်ကြီး ကျောင်း ( ၇၈ )ကျောင်း၊ သီလရှင်ကျောင်း( ၂၀ )ကျောင်းမှ သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၂၄၂ ပါး တို့အားဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ ကြပါသည်။
ထိုသို့လောင်းလှူရာတွင် ဗုဒ္ဓဘာသာဝင်တို့၏ အလှူပေးခြင်းအစဉ်အလာကို အမွေခံရန်၊ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဆရာ၊ဒကာညီညွတ်မျှတစွာဖြင့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်၊ သာသနာ တော်စည်ပင်ပြန့်ပွားရေးကို ချီးမြှင့်ထောက်ပံ့နိုင်ရန်အတွက် ဝါဆိုလပြည့်နေ့တွင် ဆရာတော်၊သံဃာတော် အရှင်သူမြတ် များအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြည်ဖြူစွာလက်တွဲ၍ ဆွမ်းဆန်တော် အစရှိသောပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းဖြင့် ကုသိုလ်ဒါနမျိုးစေ့ချ၍ ပစ္စုပ္ပန်၊သံသရာနှစ်ဖြာကောင်းကျိုးတို့ကို စုစည်းညီညာစွာပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆရာဒကာစုံလင်စွာဖြင့် ခြိမ့်ခြိမ့်သဲသဲဆွမ်းဆန်စိမ်းလောင်းလှူနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။















